စပိန် လာလီဂါ ထိပ်သီးအသင်း ဖြစ်တဲ့ ဘာစီလိုနာ အသင်းဟာ နယ်သာလန် ထိပ်သီးကလပ် အေဂျက်အသင်းရဲ့ လူငယ် ညာနောက်ခံလူ ဆာဂျီနို ဒက်စ်ကို ခေါ်ယူ နိုင်တော့မယ် လို့ စပိန်အခြေစိုက် သတင်းဌာနတွေရဲ့ ဖော်ပြချက် အရ သိရှိရပါတယ်။ လက်ရှိ အချိန်မှာ ဆာဂျီနိုကို ခေါ်ယူဖို့ အတွက် ဘာစီလိုနာအသင်းနဲ့ အတူ ဂျာမန် အင်အားကြီး အသင်း ဖြစ်တဲ့ ဘိုင်ယန်မြူးနစ် အသင်းတို့က ကြိုးစားနေကြတာ ဖြစ်ပြီး ဘာစီလိုနာ အသင်းဟာ ဘိုင်ယန်မြူးနစ် အသင်းကို ကျော်ဖြတ်ကာ ဆာဂျီနို ကို ခေါ်ယူဖို့ သဘော တူညီမှု ရရှိခဲ့တာ ဖြစ်​ကြောင်း စပိန်အခြေစိုက် သတင်းဌာန အများစုက ဖော်ပြ သွားခဲ့တာပါ။

Photo Credit: Marca

အသက် ၁၉ နှစ် အရွယ်သာ ရှိသေးတဲ့ အမေရိကန် နိုင်ငံသားလေး ဆာဂျီနိုဟာ အေဂျက် အသင်းရဲ့ လူငယ် အကယ်ဒမီ ကနေ ထွက်ပေါ် လာတဲ့ ကစားသမား တစ်ဦး ဖြစ်ပြီး ပြီးခဲ့တဲ့ ဘောလုံးရာသီမှ စတင်ကာ အေဂျက်အသင်းရဲ့ ဦးစားပေး ညာနောက်ခံလူ ဖြစ်လာခဲ့တာပါ။ ဆာဂျီနို ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အေဂျက် အသင်း အတွက် ပြိုင်ပွဲစုံ ၃၆ ပွဲအထိ ပါဝင် ကစား ပေးခဲ့ပြီး သွင်းဂိုး ၂ဂိုး သွင်းယူ ပေးခဲ့သလို ဂိုးဖန်တီးမှု ၆ကြိမ် အထိ ပြုလုပ် ပေးနိုင်ခဲ့ပါတယ်။ ဥရောပရဲ့ ဘောလုံး ကျွမ်းကျင်သူတွေ က​တော့ ဆာဂျီနိုကို ဘာစီလိုနာ အသင်းရဲ့ ဂန္တဝင် ကစားသမား တစ်ဦး ဖြစ်တဲ့ ဒန်နီ အဲဗက်နဲ့ ကစားပုံချင်း ဆင်တူသူအဖြစ် သတ်မှတ် ထားပြီး ဘိုင်ယန်မြူးနစ် အသင်းမှာ ဖြစ်စေ ၊ ဘာစီလိုနာ အသင်းမှာ ဖြစ်စေ တောက်ပလာနိုင်တဲ့ လူငယ် ကြယ်ပွင့် အဖြစ် သုံးသပ် ထားကြပါတယ်။

Photo Credit: Marca

စပိန်သတင်းထောက် တစ်ဦး ဖြစ်တဲ့ Alfredo Martinez ရဲ့ ဖော်ပြချက် အရတော့ ဘာစီလိုနာ အသင်းဟာ ဘိုင်ယန်မြူးနစ် အသင်းကို ကျော်ကာ ဆာဂျီနိုကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်ကြောင်းနဲ့ ဘာစီလိုနာ အသင်းဟာ ဆာဂျီနို အတွက် အေဂျက်အသင်းထံ ပြောင်းရွှေ့ကြေး ယူရို ၂၀ သန်း + အပိုဆုကြေး ၅သန်းနဲ့ သဘော တူညီမှု ရခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။ ဒါပေမယ့် ကတ်တလန်တာ အခြေစိုက် သတင်းဌာနတွေ ကတော့ ဆာဂျီနိုဟာ ဘာစီလိုနာ အသင်းနဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှုသာ ရရှိထားတာ ဖြစ်ကြောင်း ဖော်ပြ ထားတာကြောင့် ဘာစီလိုနာ အသင်းအနေနဲ့ ဆာဂျီနိုကို ခေါ်ယူဖို့ အနည်းငယ် ကြိုးစားရဖွယ် ရှိနေပါသေးတယ်။ ဘာစီလိုနာ အသင်းဟာ သူတို့အသင်းရဲ့ ညာနောက်ခံလူ ဖြစ်တဲ့ ဆီမီဒိုကို ဝုဗ်အသင်းထံ ရောင်းချထားတာကြောင့် ညာနောက်ခံလူ တစ်ဦးကို မဖြစ်မနေ ခေါ်ယူဖို့ လိုအပ်ပြီး ဆာဂျီနိုနဲ့ နောဝှစ်ချ် နောက်ခံလူ အာရွန်တို့ဟာ ဦးစားပေး ပစ်မှတ်တွေ ဖြစ်ကြပါတယ်။