စပိန်လာလီဂါ အင်အားကြီးကလပ် ဘာစီလိုနာဟာ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ အီတလီ စီးရီးအေ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ အေစီမီလန်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ကွင်းလယ်လူ ဖရန့် ကတ်ဆီးကို အလွတ်နဲ့ ခေါ်ယူနိုင်ဖို့ နီးစပ်နေကြောင်း စပိန်အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

အသက် ၂၅နှစ် အရွယ် အိုင်ဗရီကို့စ် လက်ရွေးစင် ကွင်းလယ်လူ ဖရန့် ကတ်ဆီးဟာ ကြံ့ခိုင်မှု အားကောင်းကာ ဘောလုံးလုယူမှု ၊ ဘောလုံးဖြန့်ဝေမှုတွေမှာ အတော်လေး ကျွမ်းကျင်သလို လက်ရှိ စီးရီးအေရဲ့ အကောင်းဆုံး ဗဟိုကွင်းလယ်လူတွေထဲက တဦး အဖြစ် သတ်မှတ်ခံထားရသူပါ။

Photo Credit: Goal

ကတ်ဆီးဟာ ယခုနှစ် ဘောလုံးရာသီမှာ အေစီမီလန် အတွက် ပြိုင်ပွဲစုံမှာ ၂၉ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၆ဂိုး အထိ သွင်းယူထားနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၁ကြိမ် ပြုလုပ်နိုင်ခဲ့ကာ အသင်းရဲ့ မရှိမဖြစ် ကစားသမား တဦး အဖြစ် ခြေစွမ်းပြနေပေမယ့် ယခုနှစ် ဘောလုံးရာသီမှာတော့ အသင်းကနေ အလွတ်နဲ့ ထွက်ခွာဖို့ ဆုံးဖြတ်ထားသူလည်း ဖြစ်ပါတယ်။

ဒါကြောင့်ပဲ ဥရောပ တလွှားမှာ ရှိနေတဲ့ ထိပ်သီးအသင်းတွေက ကတ်ဆီးကို ခေါ်ယူဖို့ စိတ်ဝင်စားမှုတွေ ပြသနေကြပေမယ့် ဇာဗီရဲ့ ဦးဆောင်မှုနဲ့အတူ အသင်းကို သွေးသစ်လောင်းမှုတွေ ပြုလုပ်နေတဲ့ ဘာစီလိုနာက ကတ်ဆီးကို ခေါ်ယူဖို့ အပူတပြင်း ကြိုးပမ်းခဲ့သလို ကတ်ဆီးကို အလွတ်နဲ့ ခေါ်နိုင်ဖို့လည်း နီးစပ်နေကြောင်း စပိန်အခြေစိုက် နာမည်ကြီး သတင်းဌာနတွေက ဆိုပါတယ်။

Photo Credit: Goal

 

ဘာစီလိုနာနဲ့ နီးစပ်သလို အပြောင်းအရွှေ့ သတင်းတွေနဲ့ ပတ်သတ်ရင် ယုံကြည် စိတ်ချရတဲ့ နာမည်ကြီး သတင်းထောက် ဂျာရတ် မော်ရီနိုရဲ့ ဖော်ပြချက်အရ ဘာစီလိုနာဟာ ကတ်ဆီးကို အလွတ်နဲ့ ခေါ်ယူနိုင်ဖို့ သဘောတူညီမှု ရရှိခဲ့ပြီး ကတ်ဆီးဟာ ဘာစီလိုနာမှာ တနှစ် လုပ်ခလစာ ယူရို ၅သန်း ဝန်းကျင် ရရှိဖွယ် ရှိနေကာ ဘာစီလိုနာက ကတ်ဆီးရဲ့ အေးဂျင့်ကို အေးဂျင့်ခ ယူရို ၁၀သန်း ပေးချေဖို့ သဘောတူထားကြောင်း သိရပါတယ်။