စပိန် အင်အားကြီး အသင်း တစ်သင်း ဖြစ်တဲ့ ဘာစီလိုနာ အသင်း ကတော့ ပရီးမီးယားလိဂ် နာမည်ကြီး အသင်း ဖြစ်တဲ့ မန်စီးတီးအသင်းရဲ့ လူငယ် နောက်ခံလူ အဲရစ် ဂါစီယာကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီ ဖြစ်ကြောင်း နှစ်ဖက်အသင်းနဲ့ နီးစပ်သူတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။ အသက် ၁၉နှစ် အရွယ် စပိန်လူငယ် နောက်ခံလူ ဂါစီယာဟာ ဘာစီလိုနာမြို့မှာ မွေးဖွားခဲ့သူ တစ်ဦး ဖြစ်သလို ဘာစီလိုနာအသင်းရဲ့ နာမည်ကြီး လာမာစီယာ အကယ်ဒမီထွက် ကစားသမား တစ်ဦး ဖြစ်တာကြောင့် ဘာစီလိုနာ အသင်းဟာ မန်စီးတီးအသင်း ကနေ ဂါစီယာကို ပြန်လည် ခေါ်ယူဖို့ ကြိုးပမ်းနေတာလည်း ဖြစ်ပါတယ်။

Photo Credit: Team Talk

ဂါစီယာနဲ့ မန်စီးတီးအသင်းတို့ ချုပ်ဆို ထားတဲ့ စာချုပ်အရ ဂါစီယာဟာ ယခုနှစ် ဘောလုံး ရာသီကုန်ဆုံးချိန် မှာ မန်စီးတီးအသင်း ကနေ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့် ရရှိမှာ ဖြစ်ပြီး လက်ရှိ အချိန်မှာတော့ မန်စီးတီးအသင်း ဟာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ လက်မလွှတ် ရစေရန် အတွက် ဂါစီယာကို ယခုနွေစျေးကွက် အတွင်းမှာပဲ ရောင်းချဖို့ စဉ်းစား နေပါတယ်။ တစ်ဖက်မှာတော့ ဘာစီလိုနာအသင်းဟာ သူတို့အသင်းရဲ့ အားနည်းနေတဲ့ နောက်တန်းအတွက် ဂါစီယာကို ပြန်လည် ခေါ်ယူချင်နေတာ ဖြစ်ပြီး ဂါစီယာ ကိုယ်တိုင်ကလည်း ဘာစီလိုနာအသင်း ထံ ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်မှု ရှိနေကာ မန်စီးတီးအသင်းနဲ့ စာချုပ်သက်တမ်း တိုးမြှင့်မှာ မဟုတ်တော့ပဲ ယခုနှစ် နွေစျေးကွက်မှာ ဖြစ်စေ ၊ ယခုနှစ် ဘောလုံးရာသီ ကုန်ဆုံးချိန်မှာ ဖြစ်စေ ဘာစီလိုနာ အသင်းထံ ပြောင်းရွှေ့ဖို့ ဆုံးဖြတ် ထားပါတယ်။

Photo Credit: Team Talk

စပိန်အခြေစိုက် သတင်းဌာနတွေရဲ့ အဆိုအရ ယမန်နေ့ညမှ စတင်ကာ ဘာစီလိုနာအသင်းဟာ ဂါစီယာကို ခေါ်ယူနိုင်ဖို့ အရှိန်မြှင့်ကာ ကြိုးပမ်း လာပြီး မန်စီးတီးအသင်းဟာ ပေါ်တူဂီ နောက်ခံလူ ရူဘင်ဒိုင်ယက်ကို ခေါ်ယူနိုင်ခဲ့တာကြောင့် ဂါစီယာကို လက်လွှတ်လိမ့်မယ် လို့ ယူဆ ထားပါတယ်။ ဂါစီယာအတွက် မန်စီးတီးအသင်းနဲ့ ဘာစီလိုနာ အသင်းတို့ ဆွေးနွေးနေတဲ့ အကြောင်းကို မန်စီးတီးအသင်းနဲ့ နီးစပ်သူတွေက အတည်ပြု ပေးထားကြပြီး မန်စီးတီးအသင်း နည်းပြဖြစ်သူ ဂွာဒီယိုလာကလည်း ဂါစီယာဟာ အသင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်ထားပြီးပြီ ဖြစ်ကြောင်း ပြောဆို သွားခဲ့ပါတယ်။ ဂါစီယာရဲ့ အခြေအနေနဲ့ ပတ်သတ်ပြီး ဂွာဒီယိုလာက ” အသင်းကနေ ဂါစီယာ ထွက်ခွာချင်နေတာကို ကျွန်တော် သိထားသလို ဘာစီလိုနာ အသင်းကလည်း သူ့ကို အလိုရှိနေပါတယ်။ ဒါပေမယ့် အသင်းနှစ်သင်းကြားမှာ သဘောတူညီမှုတော့ မရသေးပါဘူး။ ဘာတွေ ဆက်ဖြစ်လာမလဲ ဆိုတာကိုလည်း ကျွန်တော် မသိပါဘူး ” ဆိုပြီး ပြောကြား သွားခဲ့တာပါ။