စပိန် အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ ဘာစီလိုနာ အသင်းဟာ အလွန်များပြားတဲ့ ကြွေးမြီ ပြဿနာတွေကြောင့် ဒေဝါလီ ခံရမယ့် အရေးနဲ့ ရင်ဆိုင်နေရကြောင်း စပိန်အခြေစိုက် နာမည်ကြီး သတင်းဌာန အများစုက ဖော်ပြ သွားကြပါတယ်။ စပိန်နိုင်ငံရဲ့ နာမည် အကြီးဆုံး သတင်းဌာန တစ်ခု ဖြစ်တဲ့ El Mundo သတင်းဌာနရဲ့ ဖော်ပြချက် အရတော့ လက်ရှိမှာ ဘာစီလိုနာ အသင်းဟာ ကြွေးမြီပေါင်း ၁.၁၇၃ ဘီလီယံ အထိ ရှိနေကာ အဆိုပါ ကြွေးမြီတွေထဲက ယူရို ၇၃၀သန်း ကိုတော့ ကာလတို အတွင်းမှာ ပေးချေ ရမှာ ဖြစ်ပြီး လာမယ့် ဇွန်လအကုန် နောက်ဆုံးထားကာ ဘဏ်ကနေ ချေးယူထားတဲ့ ယူရို ၂၆၀သန်းနဲ့ Goldman Sachs ကနေ ယူထားတဲ့ ကြွေးမြီပေါင်း ယူရို ၉၀သန်း ကိုလည်း မဖြစ်မနေ ပေးချေဖို့ လိုအပ်နေကြောင်း သိရပါတယ်။

Photo Credit: AS English

ဒါ့ကြောင့်ပဲ ဘာစီလိုနာ အသင်းဟာ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ကြွေးမြီပေါင်း ယူရို ၃၆၀သန်းကို မဖြစ်မနေ ပေးချေရမှာ ဖြစ်ကာ ဒီပမာဏဟာ ဘာစီလိုနာ အသင်းလို ဘဏ္ဏာရေး အကြပ်အတည်းနဲ့ ကြုံတွေ့နေရတဲ့ အသင်းတစ်သင်း အတွက် ပေးဆပ်ဖို့ အလွန် ခက်ခဲတဲ့ ပမာဏ တစ်ခု ဖြစ်ပါတယ်။ ဒါ့အပြင် ဘာစီလိုနာ အသင်းဟာ ပြီးခဲ့တဲ့နှစ်တွေ အတွင်းမှာ ကစားသမား ခေါ်ယူမှုများစွာကို ပြုလုပ်ခဲ့ရာ ကနေ ပေးချေရမယ့် ကြွေးကျန်တွေလည်း များစွာ ကျန်နေသေးကြောင်း ကတ်တလန်တာ အခြေစိုက် သတင်းဌာနတွေက ဖော်ပြခဲ့ကြပါတယ်။ ဘာစီလိုနာ အသင်းဟာ ကစားသမား ၁၉ယောက်ကို ခေါ်ယူ ထားရာကနေ သက်ဆိုင်ရာ ကလပ်တွေကို ပေးချေရမယ့် ကြွေးကျန်ပေါင်း ယူရို ၁၉၆သန်း အထိ ကျန်နေပြီး အဆိုပါ အသင်းတွေထဲမှာ လီဗာပူးအသင်းဟာ ကော်တင်ဟိုရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သတ်ပြီး ဘာစီလိုနာ အသင်းဆီ ကနေ ပြောင်းရွှေ့ကြေး ယူရို ၆၉သန်း အထိ ရရှိဖို့ ကျန်နေသေးကာ ကြွေးကျန် အများဆုံး အသင်းအဖြစ် ရပ်တည်နေပါတယ်။

Photo Credit: AS English

ဘာစီလိုနာ အသင်းဟာ ၂၀၁၈-၂၀၁၉ ဘောလုံးရာသီမှာ စုစုပေါင်း ယူရို ၉၉၀သန်း ရှိခဲ့ပေမယ့် ၂၀၁၉ – ၂၀၂၀ ဘောလုံးရာသီ မှာတော့ အသင်းရဲ့ ဝင်ငွေဟာ ယူရို ၈၅၅သန်းသာ ရှိခဲ့ပြီး ဒါဟာ ဘာစီလိုနာ အသင်းလို ကစားသမားတွေကို မြင့်မားတဲ့ လုပ်ခလစာတွေ ပေးချေထားတဲ့ အသင်းတစ်သင်း အတွက် အတော်လေးကို နည်းပါးတဲ့ ဝင်ငွေပမာဏပဲ ဖြစ်ပါတယ်။ လတ်တလော မှာတော့ ဘာစီလိုနာ အသင်းဟာ ကစားသမားတွေကို လစာငွေ လျှော့ချမှုတွေ ဆက်တိုက် ဆိုသလို ပြုလုပ်ထားပေမယ့် သူတို့အသင်း ရရှိတဲ့ ဝင်ငွေနဲ့ ကစားသမားတွေကို ပေးချေရမယ့် လစာငွေဟာ မကိုက်ညီသေးသလို ပေးဆပ်ရမယ့် ချေးငွေတွေ ၊ တခြားအသင်းတွေကို ပေးချေရမယ့် ပြောင်းရွှေ့ကြေးတွေကိုပါ ပေါင်းစပ်လိုက်ရင် ဘာစီလိုနာ အသင်းအတွက် ကြွေးမြီပြဿနာဟာ အတော်လေး ဖြေရှင်းဖို့ ခက်တဲ့ ပြဿနာ တစ်ရပ်ဖြစ်ပြီး အကယ်၍ ဖြေရှင်းနိုင်မယ့် နည်းလမ်းကိုသာ ရှာမတွေ့ခဲ့ရင် ဘာစီလိုနာ အသင်းဟာ ဒေဝါလီ ခံရတဲ့ အဆင့်အထိ ရောက်ရှိ သွားနိုင်ပါတယ်။