စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာက သူတို့အသင်းရဲ့ အဓိက ပစ်မှတ် ကစားသမား တဦး ဖြစ်သူ ချယ်လ်ဆီးရဲ့ ဘယ်နောက်ခံလူ အလွန်ဆိုကို ခေါ်ယူနိုင်ဖို့ အရမ်းကို နီးစပ်နေကြောင်း နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

အသက် ၃၁နှစ် အရွယ် စပိန်လက်ရွေးစင် ဘယ်နောက်ခံလူ အလွန်ဆိုက ချယ်လ်ဆီးနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်တော့တဲ့ ကစားသမား တဦး ဖြစ်သလို ယခု နွေဈေးကွက် အတွင်းမှာ သူ့ရဲ့ မွေးရပ်မြေ စပိန်နိုင်ငံဆီ ပြန်ပြောင်းဖို့ ဆုံးဖြတ်ထားသူပါ။

Photo Credit: AS English

အလွန်ဆိုဟာ လွန်ခဲ့တဲ့ လတွေထဲက ဘာစီလိုနာဆီ ပြောင်းရွှေ့ချင်ကြောင်းကို ချယ်လ်ဆီးရဲ့ တာဝန်ရှိသူတွေထံ အသိပေး အကြောင်းကြားထားသူ ဖြစ်ပြီး ချယ်လ်ဆီးကလည်း သူ့ရဲ့ ဆန္ဒကို မပိတ်ပင် မတားဆီးချင်တာကြောင့် အလွန်ဆိုရဲ့ နေရာကို အစားဝင်နိုင်ဖို့ ဘရိုက်တန်ရဲ့ ဘယ်နောက်ခံလူ ကူကူရယ်လာကို ပြောင်းရွှေ့ကြေး ပေါင် ၆၂သန်း အထိ ပေးချေကာ ခေါ်ယူခဲ့တာပဲ ဖြစ်ပါတယ်။

ချယ်လ်ဆီးက ကူကူရယ်လာကို ခေါ်ယူနိုင်ခဲ့ပြီးနောက် ဘာစီလိုနာနဲ့ ချယ်လ်ဆီးတို့ ကြားမှာ အလွန်ဆို အတွက် တရားဝင် ဆွေးနွေးမှုတွေ စတင် ပြုလုပ်ခဲ့ပြီး မကြာခင် ရက်ပိုင်းအတွင်းမှာပဲ အပြောင်းအရွှေ့ကို အပြီးသတ်နိုင်တော့မယ်လို့ နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက ဆိုပါတယ်။

Photo Credit: AS English

ရိုမာနိုရဲ့ ဖော်ပြချက်အရ ဘာစီလိုနာက အလွန်ဆိုကို ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိထားသလို ယူရို ၁၀သန်းအောက် ပြောင်းရွှေ့ကြေး တရပ်နဲ့ အလွန်ဆို အတွက် ချယ်လ်ဆီးနဲ့ သဘောတူညီမှု ရရှိခဲ့ပြီး အပြောင်းအရွှေ့ကို အပြီးသတ်နိုင်ဖို့ စာရွက်စာတမ်း ကိစ္စသာ ကျန်တော့ကြောင်း သိရပါတယ်။

အလွန်ဆိုက ဘာစီလိုနာဆီ ပြောင်းရွှေ့ပြီးရင် ဂျော်ဒီ အယ်လ်ဘာနဲ့အတူ ပွဲထွက်ခွင့် အတွက် ပြိုင်ဆိုင်ရဖို့ ရှိနေပြီး ဘာစီလိုနာနည်းပြ ဇာဗီက အလွန်ဆိုကို နံပါတ်တစ် ဘယ်နောက်ခံလူ အဖြစ် သုံးစွဲဖို့ စီစဉ်ထားကြောင်း ဘာစီလိုနာနဲ့ နီးစပ်သူတွေက ဆိုထားကြပါတယ်။