စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာအသင်းဟာ အသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်တော့တဲ့ ပြင်သစ် တောင်ပံ ကစားသမား အူစမာနီ ဒမ်ဘီလီကို ကာလရှည် စာချုပ်သစ် တရပ် ချုပ်ဆိုနိုင်ဖို့ နီးစပ်နေပါပြီ။

ဘာစီလိုနာအသင်းဟာ အသက် ၂၄နှစ် အရွယ် ပြင်သစ် လက်ရွေးစင် တောင်ပံ ကစားသမား ဒမ်ဘီလီကို ၂၀၁၇ခုနှစ်မှာ ဘွန်ဒက်လီဂါကလပ် ဒေါ့မွန်အသင်း ကနေ ပြောင်းရွှေ့ကြေး ယူရို ၁၃၃သန်း အထိ ပေးချေကာ ခေါ်ယူထားတာပဲ ဖြစ်ပါတယ်။

Photo Credit: AS English

ဒမ်ဘီလီဟာ ဘာစီလိုနာအသင်းရဲ့ ကစားသမားဘဝမှာ ပြိုင်ပွဲစုံ ၁၁၈ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၃၀ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၂၁ကြိမ်အထိ ရှိခဲ့ပြီး အသင်းနဲ့အတူ လာလီဂါ ၂ကြိမ် ၊ စပိန်ဘုရင့်ဖလား ၂ကြိမ်နဲ့ စပိန်စူပါဖလား ၁ကြိမ်တို့ကို အရယူထားနိုင်သူပါ။

ဒမ်ဘီလီဟာ မကြာခဏ ဆိုသလို ဒဏ်ရာပြဿနာတွေနဲ့ ကြုံတွေ့လေ့ ရှိတဲ့ ကစားသမား တဦး ဖြစ်ပေမယ့် ပင်ကိုယ် အရည်အသွေး ကောင်းမွန်လွန်းသူ တဦး ဖြစ်တာကြောင့် မက်ဆီ မရှိတော့တဲ့နောက် မျိုးဆက်သစ် တခုကို ပျိုးထောင်ရတော့မယ့် ဘာစီလိုနာအသင်းဟာ ဒမ်ဘီလီကို အသင်းရဲ့ အဓိက ကစားသမားတွေထဲက တဦး အဖြစ် သတ်မှတ်ထားပါတယ်။

Photo Credit: Marca

ဒါကြောင့်လည်း ဒမ်ဘီလီကို ၄နှစ် သက်တမ်း ရှိတဲ့ စာချုပ်သစ် တရပ် ကမ်းလှမ်းခဲ့တာ ဖြစ်ပြီး စာချုပ်သစ်မှာတော့ ဒမ်ဘီလီဟာ လက်ရှိ ရနေတဲ့ လုပ်ခလစာထက် အတော်လေးကို နည်းပါးတဲ့ လုပ်ခလစာသာ ရရှိဖို့ ရှိနေကြောင်း စပိန်နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Marca သတင်းဌာနက ဆိုပါတယ်။

စာချုပ်သစ်မှာ လုပ်ခလစာ လျှော့ယူရဖို့ ရှိနေပေမယ့် ဒမ်ဘီလီဟာ ဘာစီလိုနာအသင်းရဲ့ စာချုပ်သစ် ကမ်းလှမ်းမှုကို လက်ခံထားပြီး လက်ရှိမှာ စာချုပ်သစ် ချုပ်ဆိုမှုကို အပြီးသတ်ဖို့ အတွက် အသေးစိတ် အချက်အလက်တွေကို ဆွေးနွေးနေကြောင်းလည်း Marca သတင်းဌာနက ဖော်ပြထားပါတယ်။