ဘာစီလိုနာအသင်းဥက္ကဌ ဟိုဟန်လာပေါ်တာက လက်ရှိ အသင်းနည်းပြ ဇာဗီဟာနန်ဒက်ဇ်ကို ရာထူးကနေ ထုတ်ပယ်သွားဖို့ အစီအစဉ် လုံးဝ မရှိနေကြောင်းနဲ့ ဇာဗီကိုသာ သူတို့ဘက်ကနေ ယုံကြည်မှု အပြည့်အဝပေးထားကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

Photo Credit : Marca

ဘာစီလိုနာရဲ့ ဂန္တဝင်ကစားသမားဟောင်းကြ်ီး ဇာဗီဟာ ပြီးခဲ့တဲ့နှစ် ဘောလုံးရာသီရဲ့ နိုဝင်ဘာလမှာပဲ ဘာစီလိုနာအသင်းဆီကို အသင်းနည်းပြအဖြစ် တစ်ကျော့ပြန် ရောက်ရှိလာခဲ့တာဖြစ်ပြီး လက်ရှိမှာ အသင်းအတွက် (၅၇)ပွဲအထိ ကိုင်တွယ်ပြီးထားချိန်မှာ (၃၄)ပွဲနိုင် (၁၁)ပွဲသရေ (၁၂)ပွဲရှုံးနဲ့ နိုင်ပွဲရာခိုင်နှုန်း (၅၉.၆)%ထိ စွမ်းဆောင်ထားနိုင်ခဲ့သလို လက်ရှိ လာလီဂါ အမှတ်ပေးဇယားမှာပါ အဆင့်(၁)နေရာထိ ရောက်ရှိအောင် လုပ်ဆောင်ထားပေမယ့် ချန်ပီယံလိဂ်မှာတော့ အုပ်စုအဆင့်ကနေ ကျော်လွန်အောင် မလုပ်နိုင်ခဲ့တာကြောင့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ထားခဲ့ရသလို ဇာဗီကိုယ်တိုင်ကလည်း သူ့အနာဂတ် အခြေအနေက မတည်ငြိမ်တော့ဘူးလို့ ဝန်ခံထားခဲ့ဖူးပါတယ်။

Photo Credit : Twitter

ဇာဗီက သူ့အနေနဲ့ ဘာစီလိုနာအတွက်သာ ဆုဖလားတွေ ရယူပေးနိုင်ခြင်း မရှိဘူးဆိုရင် သူ့အနာဂတ်လည်း မသေချာနိုင်တော့ပဲ ရာထူးကနေ ထုတ်ပယ်ခံရနိုင်တယ်လို့ ပြောဆိုထားခဲ့ဖူးပေမယ့်လည်း အသင်းဥက္ကဌ လာပေါ်တာကတော့ သူတို့ဘက်က ဇာဗီကို ယုံကြည်မှု အပြည့်ရှိတယ်လို့ အခိုင်အမာ ပြောကြားထားခဲ့ပါတယ်။ “ကျွန်တော် ဇာဗီရဲ့ အခန်းကဏ္ဍာအပေါ်ကို ဘယ်အချိန်ကမှ မေးခွန်းမထုတ်ခဲ့ပါဘူး။ ကျွန်တော် သူ့အပေါ်မှာ ယုံကြည်မှု အပြည့်ရှိပါတယ်။ ကျွန်တော်တို့ရဲ့ နည်းပြအတွက် အရမ်းဂုဏ်ယူမိပါတယ်လို့ ကျွန်တော် အာမခံပါတယ်။ သူက ကလပ်အသင်းကို ကောင်းကောင်း သိနားလည်တယ်။ အသင်းရဲ့ မတူညီတဲ့ အဖွဲ့ဝင်တွေနဲ့ ဘယ်လိုတိုးတတ်အောင် လုပ်ဆောင်ရမလဲဆိုတာကိုလည်း သူ သိထားပါတယ်” လို့ လာပေါ်တာက ပြောဆိုလိုက်ပါတယ်။ ကစားသမားဘဝ အနားယူပြီးနောက် နည်းပြနယ်ပယ်ထဲကို ဝင်ရောက်လာခဲ့တဲ့ ဇာဗီဟာ ကာတာကလပ် အယ်လ်ဆက်ဒ် အသင်းနည်းပြအဖြစ် စတင် တာဝန်ယူခဲ့ပြီး အောင်မြင်မှုများစွာ ရယူပေးနိုင်ခဲ့ကာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာပဲ သူ့အသင်းဟောင်း ဘာစီလိုနာကို နည်းပြအဖြစ် တစ်ကျော့ပြန် ရောက်ရှိလာခဲ့ပြီး အသင်းနဲ့ လမ်းခွဲခဲ့ရတဲ့ ရော်နယ်ကိုးမန်းနေရာကို အစားထိုး ဝင်ရောက်လာခဲ့ပါတယ်။