ဘာစီလိုနာအသင်းဟာ ဆီဗီလာအသင်းရဲ့ ပြင်သစ်နောက်ခံကစားသမား ခွန်ဒဲကို ခေါ်ယူလိုက်ပြီးနောက်မှာ အသင်းက ဒီနွေဈေးကွက်အတွင်း ကစားသမားသစ် (၅)ဦးအတွက် အသုံးပြုထားတဲ့ အသုံးစရိတ်ဟာ ယူရို(၁၅၃)သန်းအထိ သုံးစွဲထားတာဖြစ်လို့ အသင်းရဲ့ ကွင်းလယ်ကစားသမား ဖရန်ကီဒီယောင်းကို ဈေးကွက်ထဲ မဖြစ်မနေ ရောင်းထုတ်ရဖို့ သေချာလာခဲ့တယ်လို့ စပိန်သတင်းမီဒီယာတွေကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Twitter

ဘဏ္ဍာရေး အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတဲ့ ဘာစီလိုနာအသင်းဟာ အခု နွေဈေးကွက်အတွင်း ခရစ္စတန်ဆန်နဲ့ ကတ်ဆေးတို့ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ခဲ့ပေမယ့် လီဝန်ဒေါစကီး ရာဖင်ညာနဲ့ ခွန်ဒဲတို့အတွက် ယူရို(၁၅၃)သန်းအထိ အသုံးပြုထားခဲ့ရသလို အသင်းကနေ ပြန်လည်ထွက်ခွာသွားတဲ့ ကစားသမားတွေထဲကမှ ကော်တင်ဟိုတစ်ဦးတည်းကသာ ယူရိုသန်း(၂၀) ပြန်ရထားတာဖြစ်လို့ ဘာစီလိုနာဘက်က ဒီယောင်းလို မြင့်မြင့်မားမား ပြောင်းရွှေ့ကြေးမျိုး ကစားသမားကို မဖြစ်မနေ ရောင်းချသွားဖို့ နီးစပ်လာခဲ့ရပါတယ်။

LIGA INGGRIS: Kode Keras Jules Kounde ke Chelsea - Tribunjogja.com

Photo Credit : Tribun Jogja

ဘာစီလိုနာအသင်းဟာ ပြင်သစ်လက်ရွေးစင် နောက်ခံလူ ခွန်ဒဲအတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း(၅၀)+ အပိုဆုကြေး ယူရို(၁၀)သန်းနဲ့ ခေါ်ယူထားခဲ့တာဖြစ်သလို လိဒ်စ်တောင်ပံကစားသမား ရာဖင်ညာကိုလည်း ယူရို(၅၈)သန်း ဘိုင်ယန်မြူးနစ် တိုက်စစ်ကစားသမားကြီး လီဝန်ဒေါစကီးကိုပါ ယူရို(၄၅)သန်းနဲ့ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ ဘာစီလိုနာက ငွေကြေးပိုင်း အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေတယ် ဆိုပေမယ့်လည်း အသင်းဥက္ကဌ ယိုဟန်လာပေါ်တာရဲ့ လုပ်ရည်ကိုင်ရည် ကောင်းမွန်မှုကြောင့် အသင်းအတွက် လိုအပ်နေတဲ့ ကစားသမားတွေကို အခြားအသင်းတွေထက် လက်ဦးမှု ရယူပြီး ခေါ်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဘဏ္ဍာရေး ဟန်ချက်ညီဖို့အတွက် ပြောင်းရွှေ့ကြေးများစွာ ရရှိနိုင်မယ့် ကစားသမား တစ်ဦးဦးကို ပြန်လည် ရောင်းချဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။ လက်ရှိ အနေအထားတွေအရ ဘာစီလိုနာအသင်းဟာ တိုက်စစ်ကစားသမား ဒီပိုင်းကို ရောင်းချဖို့ သေချာနေပေမယ့် အသင်းနဲ့ တစ်နှစ်သက်တမ်းသာ ကျန်ရှိတော့တဲ့ ဒီပိုင်းက ပြောင်းရွှေ့ကြေး ယူရိုသန်း(၂၀)လောက်သာ အများဆုံး ရရှိနိုင်တာကြောင့် မန်ချက်စတာယူနိုက်တက် ချယ်လ်ဆီး ဘိုင်ယန်မြူးနစ်တို့လို အသင်းတွေကနေ ခေါ်ယူချင်နေပြီး ပြောင်းရွှေ့ကြေး ယူရိုသန်း(၆၀)လောက် အနည်းဆုံး ရရှိနိုင်ဖွယ် ရှိနေတဲ့ ကွင်းလယ်လူ ဒီယောင်းကိုပါ မဖြစ်မနေ ရောင်းထုတ်သွားရဖွယ် ရှိနေတယ်လို့ စပိန်မီဒီယာတွေက ဖော်ပြလာခဲ့ပါတယ်။