MySport Myanmar

ဇာဗီက သူ့တို့အတွက် ဖလားတွေ ရယူပေးနိုင်မယ့်သူလို့ ဘာစီလိုနာအသင်း ယုံကြည်နေ

ဘာစီလိုနာအသင်းမှာ ကစားသမားအဖြစ်နဲ့ရော နည်းပြအဖြစ်နဲ့ပါ ပါဝင်ခဲ့တဲ့ ဇာဗီဟာနန်ဒက်ဇ်ဟာ ကစားသမားဘဝမှာတော့ အသင်းအတွက် legend player တစ်ဦးအဖြစ်နဲ့ ထွန်းတောက်ခဲ့ရပေမယ့် နည်းပြဘဝမှာတော့ သူရဲ့ နည်းပြအတွေ့အကြုံ နုနယ်သေးသလို အသင်းနည်းပြအဖြစ် တာဝန်ယူလာခဲ့တဲ့ အချိန်ကာလက တစ်နှစ်နီးပါးလောက်သာ ရှိနေသေးတာဖြစ်လို့ အသင်းအတွက် သိပ်စွမ်းဆောင်မပြနိုင်ပေမယ့် အသင်းဘက်ကတော့ ဇာဗီအပေါ် ယုံကြည်မှု အပြည့်ရှိနေတယ်လို့ အသင်းရဲ့ ဒုဥက္ကဌဖြစ်သူ ရာဖယ်လ်ယူ့စတိက ပြောကြားလိုက်ပါတယ်။

Photo Credit : Marca

ကစားသမားဘဝ အနားယူပြီးနောက် နည်းပြနယ်ပယ်ထဲကို ဝင်ရောက်လာခဲ့တဲ့ ဇာဗီဟာ ကာတာကလပ် အယ်လ်ဆက်ဒ် အသင်းနည်းပြအဖြစ် စတင် တာဝန်ယူခဲ့ပြီး အောင်မြင်မှုများစွာ ရယူပေးနိုင်ခဲ့ကာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာပဲ သူ့အသင်းဟောင်း ဘာစီလိုနာကို နည်းပြအဖြစ် တစ်ကျော့ပြန် ရောက်ရှိလာခဲ့ပါတယ်။ ဇာဗီဟာ ဘာစီလိုနာကို ပြိုင်ပွဲစုံ (၅၄)ပွဲအထိ ကိုင်တွယ်ထားပြီးချိန်မှာ (၃၁)ပွဲနိုင် (၁၁)ပွဲသရေ (၁၂)ပွဲ ရှုံးထားခဲ့ပြီး သူရဲ့နိုင်ပွဲရာခိုင်နှုန်းက (၅၇.၄)% ရှိနေရပေမယ့် ဒီရာသီမှာတော့ ချန်ပီယံလိဂ်မှာ နောက်တစ်ဆင့်ကို တတ်လှမ်းနိုင်အောင် လုပ်ဆောင်ထားနိုင်ခြင်း မရှိလို့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ထားခဲ့ရပါတယ်။

Photo Credit : FC Barcelona Noticias

ဘာစီလိုနာအသင်းကို ချန်ပီယံလိဂ်မှာ အုပ်စုကနေ ရှုံးထွက်အဆင့်ဆီ မပို့ဆောင်နိုင်ခဲ့တဲ့ ဇာဗီဟာ အသင်းနည်းပြ ရာထူးကနေ ထုတ်ပယ်ခံရနိုင်တယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်လာနေတယ်အပေါ် ဘာစီလိုနာ ဒုဥက္ကဌ ယူ့စတိက “ဇာဗီက ကျွန်တော်တို့ သဘောကျ နှစ်သက်ရတဲ့ နည်းပြတစ်ယောက်ပါ။ အဲ့ဒါက သံသယ မရှိပါဘူး။ သူက ကျွန်တော်တို့ လိုအပ်နေတဲ့ ဆုဖလားတွေ အားလုံးကို အကုန်ရယူပေးမှာပါ” လို့ ပြောဆိုလိုက်ပါတယ်။ ဘာစီလိုနာအသင်း တာဝန်ရှိသူတွေကလည်း ဇာဗီအပေါ်မှာ အလွန် ယုံကြည်ပေးထားပြီး အသင်းက ချန်ပီယံလိဂ်ကနေ ယူရိုပါလိဂ်ဆီ ရောက်သွားခဲ့သည်တိုင် ဇာဗီကိုသာ အသင်းနည်းပြအဖြစ် ယုံယုံကြည်ကြည်နဲ့ ဆက်လက် တာဝန်ပေးထားမှာ သေချာနေပါတယ်။ ဇာဗီကိုယ်တိုင်ကလည်း သူ တည်ဆောက်ထားတဲ့ အသင်းက လာမယ့် ၂၀၂၃ခုနှစ်ထဲမှာ ဆုဖလားတွေကို သေချာပေါက် စိန်ခေါ်လာနိုင်မယ့် အသင်းမျိုး ဖြစ်လာတော့မှာ ဖြစ်ကြောင်းနဲ့ ဆုဖလားတွေကိုလည်း သိမ်းပိုက်ရယူနိုင်တော့မှာ ဖြစ်ကြောင်းကို ထုတ်ပြန် ပြောကြားထားခဲ့ပါတယ်။

Exit mobile version