စပိန်လာလီဂါ (၂)ပွဲဆက်တိုက် သရေပွဲတွေနဲ့ ကြုံတွေ့နေရပြီး ရမှတ်တွေ တောက်လျှောက်ဆုံးရှံးနေရတဲ့ ဘာစီလိုနာအသင်းဟာ ဒီနေ့ညမှာလည်း လာလီဂါရဲ့ အသင်းကောင်းတစ်သင်းလည်းဖြစ်သလို လာလီဂါပွဲတွေ ပြန်လည်စတင်ချိန်ကတည်းက လုံးဝကို ရှံးပွဲမရှိသေးတဲ့ ဗီလာရီးရဲလ်အသင်းနဲ့ တွေ့ဆုံနေခဲ့ရပြီိး ဘာစီလိုနာအသင်းက (၄)ဂိုး (၁)ဂိုးနဲ့ အနိုင်ယူသွားခဲ့ပါတယ်။

ဘာစီလိုနာအသင်းက ၄-၃-၃ ကစားကွက်နဲ့အတူ မက်ဆီ ဆွာရက်ဇ် ဂရစ်ဇ်မန်း ဗီဒယ် ဘူးစကတ်စ် ရောဘတ်တို အယ်ဘာ ပီကေး လွန်းဂလတ် ဆီမီဒို တာစတီဂန်နဲ့ ပွဲထွက်လာခဲ့သလို အိမ်ရှင်ဗီလာရီးရဲလ်အသင်းမှာလည်း မော်ရီနို ကာဇိုလာ အယ်ကာဆာ ချူပျူဇီ အာဂီဆာ အီဘော်ရာ ဂက်စ်ပါ အယ်ဘီယို တောရက်စ် မိုရီနို အဆန်ဂျိုတို့ ပါဝင်လာပါတယ်။ ပွဲအစ(၃)မိနစ်မှာပဲ အယ်ဘာရဲ့ဖြတ်တင်ဘောကို ပါအူတောရက်စ် ရှင်းထုတ်ခဲ့ရာမှာ ကိုယ့်ဂိုးကိုသွင်းမိခဲ့လို့ ဘာစီလိုနာကို ဂိုးစတင်ခွင့်ပြုခဲ့ရပေမယ့် (၁၄)မိနစ်မှာ တိုက်စစ်မှူးမော်ရီနိုက အနီးကပ်ပိတ်သွင်းရင်း ပြန်လည်ချေပခဲ့ပါတယ်။ (၆)မိနစ်အကြာမှာတော့ မက်ဆီ ဆွာရက်ဇ်တွဲလုံးကနေ ဆွာရက်ဇ်က အသင်းအတွက် ဦးဆောင်ဂိုး ရယူပေးခဲ့သလို (၄၅)မိနစ်မှာလည်း မက်ဆီက လှလှပပ ချပေးလိုက်တဲ့ ဘောလုံးကို ပြန်လည်ပွဲထွက်ခွင့်ရခဲ့တဲ့ ဂရစ်ဇ်မန်းက တိတိကျကျ အဆုံးသတ်နိုင်ခဲ့ပါတယ်။

ဒုတိယပိုင်း ပြန်လည်စတင်ချိန်မှာလည်း အိမ်ရှင်ဗီလာရီးရဲလ်က ဘာစီလိုနာဘက်ကို ဘာမှဖိအားသိပ်မပေးနိုင်တော့ပဲ အနိုင်ရလဒ် ပိုင်ဆိုင်နေတဲ့ ဘာစီလိုနာအသင်းကပဲ ဆက်လက်ဖိအားပေးထားရာကနေ (၆၈)မိနစ်မှာတော့ တစ်ပွဲလုံး ခြေစွမ်းပိုင်း အရမ်းထက်မြက်နေတဲ့ မက်ဆီက အသင်းအတွက် စတုတ္ထဂိုးကို အသာအယာ သွင်းယူသွားခဲ့ပါတယ်။ ဒါပေမယ့် သွင်းဂိုးမရခင်ကတည်းက လူကျွံအနေအထားဖြစ်နေခဲ့သလို VAR နဲ့ ပြန်လည်စစ်ဆေးရာမှာလည်း လူကျွံနေတယ်ဆိုပြီး သွင်းဂိုးကို ပယ်ဖျက်သွားခဲ့ပါတယ်။ ဒါပေမယ့် (၈၆)မိနစ်မှာတော့ လူစားဝင်လူငယ်တိုက်စစ်မှူးလေး ဖာတီက ဘာစီလိုနာအတွက် (၄)ဂိုးမြောက်ဂိုးကို သွင်းယူပေးသွားနိုင်ခဲ့ပါတယ်။