စပိန်လာလီဂါချန်ပီယံဆုကို ကာကွယ်နိုင်ဖို့အတွက် လက်ကျန်လာလီဂါပွဲတိုင်းကို အနိုင်ရလဒ်တွေ ယူဆောင်ဖို့ မဖြစ်မနေ လိုအပ်နေတဲ့ ဘာစီလိုနာအသင်းကတော့ ဒီနေ့ညမှာ တန်းဆင်းဇုန်နားကပ်နေတဲ့ ဗယ်လာဒိုးလစ်အသင်းနဲ့ ရင်ဆိုင်ကစားခဲ့ရပြီး အဝေးကွင်းမှာ သွင်းဂိုးတစ်ဂိုးတည်းနဲ့ ကပ်အနိုင်ရသွားခဲ့ပါတယ်။

Photo Credit : Getty Image

ဘာစီလိုနာအသင်းကတော့ ပွဲထွက်လူစာရင်းမှာ ဆွာရက်ဇ်ကို ချန်လှပ်ထားခဲ့ပြီး မက်ဆီနဲ့ ဂရစ်ဇ်မန်းတို့ကို တိုက်စစ်မှာ တွဲဖက်သုံးလာခဲ့ကာ သူတို့ရဲ့နောက်မှာတော့ ဗီဒယ်ကို သုံးစွဲလာခဲ့ကာ ၄-၁-၂-၁-၂ ပုံစံမျိုး အသုံးပြုထားခဲ့ပါတယ်။ ကွင်းလယ်မှာလည်း ဘူးစကတ်စ် ရောဘတ်တို ရစ်ကီပွတ်တို့ကို တွဲဖက်လာခဲ့ကာ ခံစစ်မှာတော့ အယ်ဘာ လွန်းဂလတ် ပီကေး ဆီမီဒိုနဲ့ ဂိုးသမားစတီဂန်တို့ကို အသုံးပြုထားပါတယ်။ ပွဲကစားချိန် (၁၅)မိနစ်မှာပဲ ဧည့်သည်ဘာစီလိုနာတို့ အဖွင့်ဂိုးကို စတင်ပိုင်ဆိုင်ခဲ့ပြီး မက်ဆီရဲ့ချပေးမှုကနေတစ်ဆင့် ဝါရင့်ကွင်းလယ်လူကြီး ဗီဒယ်က အပြင်းကန်ချက်နဲ့ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ပထမပိုင်းမှာ အိမ်ရှင်ဗယ်လာဒိုးလစ်အသင်းကလည်း ဂိုးပေါက်ခြိမ်းခြောက်မှု (၄)ကြိမ် လုပ်ဆောင်နိုင်ခဲ့ပေမယ့် တစ်ကြိမ်မှကို မထိရောက်ခဲ့ပဲ ဂိုးရဖို့ ရုန်းကန်ခဲ့ရပါတယ်။

Photo Credit : Getty Image

ဒုတိယပိုင်း ပြန်လည်စတင်ချိန်မှာ ဂရစ်ဇ်မန်းနေရာ ဆွာရက်ဇ်ကိုထည့်သွင်းလာခဲ့ပြီး တိုက်စစ်ကို အပြောင်းအလဲလုပ်ခဲ့ပေမယ့် ဘောလုံးပိုင်ဆိုင်မှုသာ ဘာစီလိုနာဘက်က အသာရခဲ့ကာ တိုက်စစ်က ထင်သလောက် အားကောင်းလာခဲ့ခြင်းမရှိပဲ အိမ်ရှင်အသင်းကတောင် ပိုမိုဖိအားပေးခဲ့ကာ စတီဂန်ရဲ့လျင်မြန်တဲ့ ကာကွယ်မှုတစ်ခုကြောင့် ချေပဂိုးပြန်ပေးရမယ့် အရေးကနေ လွတ်မြောက်ခဲ့ရပါတယ်။ နောက်ပိုင်းမိနစ်တွေမှာ ဗယ်လာဒိုးလစ်ရဲ့တိုက်စစ်ဆင်မှုတွေက ပိုုမိုမြင့်တတ်လာခဲ့ပေမယ့် သွင်းဂိုးမရနိုုင်တော့ပဲ ဘာစီလိုနာကပဲ ကပ်နိုင်သွားခဲ့ပါတယ်။