ပြီးခဲ့တဲ့ ကြားရက်တုန်းက ကျင်းပခဲ့တဲ့ စပိန်ကိုပါဒယ်ရေးရှုံးထွက်ဖလားပြိုင်ပွဲရဲ့ကွာတားဖိုင်နယ်ပွဲမှာ ဘီလ်ဘာအိုအသင်းကို ၁ဂိုးတည်းနဲ့ ကပ်အရေးနိမ့်ခဲ့လို့ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတဲ့ ဘာစီလိုနာအသင်းဟာ ဒီနေ့ညမှာတော့ သူတို့ရဲ့လက်ရှိနည်းပြ ဆယ်တီယန်ရဲ့ကလပ်ဟောင်း ဘက်တစ်အသင်းနဲ့ အဝေးကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ရကာ ကစားသမားတစ်ယောက်စီ ထုတ်ပယ်ခံရပြီး ဘာစီလိုနာက ၂ဂိုး၃ဂိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။

Photo Credit : Getty Images

အဝါကတ်တွေ အကြိမ်ရေများစွာ ပြသခံခဲ့ရလို့ ဒီပွဲကို လွဲချော်ခဲ့ရတဲ့ ပီကေးနဲ့ အရန်စာရင်းမှာ ပါဝင်လာတဲ့ ဘယ်နောက်ခံအယ်ဘာကလွဲပြီး လူစုံတတ်စုံ ပါဝင်လာတဲ့ ဘာစီလိုနာအသင်းရဲ့ ပွဲထွက်စာရင်းထဲမှာ မက်ဆီ ဂရစ်ဇ်မန်း ရောဘတ်တို ဒီဂျောင် ဗီဒယ် ဘူးစကတ်စ် ဖလ်ပို အမ်တီတီ လွန်းဂ်လတ် ဆယ်မီဒို တာစတီဂျန်တို့ ပါဝင်လာခဲ့ပါတယ်။ အိမ်ရှင်ဘက်တစ်မှာတော့ ဖယ်ကီယာအပြင် ဘာစီလိုနာကနေ အငှားနဲ့လာကစားနေတဲ့ အယ်လီနာပါ ပါဝင်လာခဲ့ပါတယ်။ ပွဲစစချင်းလောက်မှာပဲ ဖယ်ကီယာကန်ချက်ကို လွန်းဂ်လတ် ဟန့်တားရင်းနဲ့ လက်ထိသွားခဲ့လို့ ပင်နယ်တီသတ်မှတ်ပေးခဲ့ရာ ကာနာလက်စ်က ဘက်တစ်အတွက် ဦးဆောင်ဂိုးအဖြစ် သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒီဂျောင်က မက်ဆီရဲ့ဖန်တီးမှုကနေတစ်ဆင့် ၉မိနစ်မှာ ပြန်လည်ချေပနိုင်ခဲ့ပါတယ်။ ပထမပိုင်းမှာ ပုံစံကောင်းပြနိုင်ခဲ့တဲ့ ဘက်တစ်က ၂၆မိနစ်မှာ ဖယ်ကီယာရဲ့တစ်ကိုယ်တော်သွင်းဂိုးနဲ့ ပြန်လည်ဦးဆောင်ခဲ့ပေမယ့်လည်း ပထမပိုင်းပြီးခါနီးမှာ ဘူးစကတ်စ်က ချေပဂိုး ပြန်လည်ရယူနိုင်ခဲ့ပါတယ်။

Photo Credit : Getty Images

ပထမပိုင်းမှာ ဘာစီလိုနာအသင်းကို အပြန်အလှန်ကစားနိုင်ခဲ့တဲ့ အိမ်ရှင်ဘက်တစ်အသင်းဟာ ဒုတိယပိုင်းမှာတော့ ဘာမှမလုပ်ဆောင်တော့ပဲ ဘာစီလိုနာကစားကွက်အောက်ကိုသာ ရောက်သွားခဲ့ရပါတယ်။ ဒီလိုနဲ့ ရ၂မိနစ်မှာ မက်ဆီက သူရဲ့ ဟက်ထရစ်မြောက် Assist ဖြစ်တဲ့ ဖရီးကစ်ကနေတစ်ဆင့် လွန်းဂ်လတ်ရဲ့သွင်းဂိုးရအောင် ဖန်တီးခဲ့ပြီး အသင်းကိုလည်း ပြန်လည်ဦးဆောင်စေနိုင်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ အသင်းနှစ်သင်းလုံး ကစားသမားတစ်ယောက်စီ ၂ဝါ၁နီတွေနဲ့ ထုတ်ပယ်ခံခဲ့ရပြီး ဘက်တစ်ဘက်က အသင်းရဲ့အဓိက ကစားသမား ဖယ်ကီယာထုတ်ပယ်ခံရတာဖြစ်လို့ ကစားအားက လုံးဝကျဆင်းသွားခဲ့ပြီး ဘာစီလိုနာကပဲ နိုင်ပွဲရသွားခဲ့ပါတယ်။