ပြီးခဲ့တဲ့တစ်ပတ်တုန်းက ကစားခဲ့တဲ့ စပိန်လာလီဂါပွဲစဉ်အတွင်းမှာ ဗလင်စီယာအသင်းကို မက်စ်တဲလားကွင်းမှာ ၂ဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့လို့ ဒုတိယနေရာကို ဆင်းပေးခဲ့ရတဲ့ ဘာစီလိုနာအသင်းဟာ ဒီနေ့ညမှာတော့ လာလီဂါပွဲစဉ်(၂၂)အဖြစ် ပထမအကျော့မှာ သူတို့အသင်းကို အနိုင်ယူထားခဲ့တဲ့ လီဗန်တေးအသင်းနဲ့ နူးကမ်းမှာ ပြန်လည်ရင်ဆိုင်ခဲ့ရပြီး ၂ဂိုး ၁ဂိုးနဲ့ အနိုင်ရယူခဲ့ကာ ပထမအကျော့ ရှံးကြွေးကို ပြန်ဆပ်နိုင်ခဲ့ပါတယ်။

Photo Credit : Getty Images

ဒီပွဲမတိုင်ခင် အမှတ်ပေးဇယားထိပ်မှာ ရပ်တည်လို့နေတဲ့ ရီးရဲလ်မက်ဒရစ်အသင်းက မက်ဒရစ်ဒါဘီမှာ နိုင်ပွဲရထားခဲ့လို့ ရမှတ်ကွာဟချက်က ၆မှတ်အထိ ရှိနေတဲ့အတွက် ထပ်မံခြေချော်လို့မရတော့တဲ့ ဘာစီလိုနာအသင်းဟာ မက်ဆီ ဂရစ်ဇ်မန်း ဖာတီ ဒီဂျောင် ဘူးစကတ်စ် ရာကီတစ် ပီကေး လွန်းဂ်လတ် အယ်ဘာ ဆယ်မီဒို စတီဂျန်တို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ နိုင်ပွဲရဖို့အတွက် ပွဲအစကတည်းက အင်တိုက်အားတိုက် ကြိုးပမ်းလာခဲ့တဲ့ ဘာစီလိုနာအသင်းဟာ ဒီနောက်ပိုင်းပွဲတွေမှာ ရလဒ်တွေဆိုးရွားနေတဲ့ လီဗန်တေးအသင်းကို ပထမပိုင်းမှာ ၂ဂိုးပြတ် သွင်းယူပြီး စောစောစီးစီးပဲ ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ ဘာစီလိုနာအတွက် အဖွင့်သွင်းဂိုး၂ဂိုးကို ဆယ်ကျော်သက်တိုက်စစ်မှူးလေး အန်ဆုဖာတီက ၃၀နဲ့ ၃၁မိနစ်တွေမှာ သွင်းယူခဲ့တာဖြစ်ပြီး ၂ဂိုးလုံးကို မက်ဆီကနေ ဖန်တီးပေးခဲ့တာဖြစ်ပါတယ်။ ဒါက ဖာတီအတွက် ဒီရာသီ ၄ဂိုးမြောက် လာလီဂါသွင်းဂိုးလည်းဖြစ်ခဲ့ပါတယ်။

Photo Credit : Getty Images

ပထမပိုင်းမှာကတည်းက ၂ဂိုးပြတ်နဲ့ ဦးဆောင်ထားနိုင်ခဲ့တဲ့ ဘာစီလိုနာအသင်းက ဒုတိယပိုင်းမှာ ကစားဟန်အနည်းငယ်လျှော့ချလာခဲ့ရာကနေ လီဗန်တေးအသင်းအတွက် အခွင့်အရေးတွေ ပြန်လည်ရရှိလာခဲ့ပေမယ့် ဂိုးဝင်နိုင်လောက်တဲ့ အခွင့်အရေးကောင်း၂ခုကတော့ လက်လွတ်ခဲ့ရပါတယ်။ အဲ့ဒီနောက်မှာတော့ ဘာစီလိုနာအသင်းကတော့ တိုက်စစ်ထပ်ဆင်ဖို့ထက် ရလဒ်ကိုသာ ထိန်းသိမ်းကစားဖို့ကိုပဲ ရွေးချယ်ခဲ့ပြီး ပထမအကျော့ရှံးကြွေးကိုပြန်ဆပ်ကာ နိုင်ပွဲပြန်ရှာတွေ့ခဲ့ပါတယ်။