ဒီနေ့ဇွန်လ(၁၇)ရက်နေ့မှာ စပိန်လာလီဂါပြိုင်ပွဲရဲ့ ပွဲစဉ်(၂၇)ကို ဆက်လက်ဆင်နွဲခဲ့ပြီး မနက်အစောပိုင်း (၂)နာရီခွဲအချိန်မှာ ဘာစီလိုနာအသင်းနဲ့ လီဟာနက်စ်အသင်းတို့က ဘာစီလိုနာရဲ့နူးကမ့်ကွင်းမှာ ရင်ဆိုင်ယှဉ်ပြိုင်ကစားခဲ့ကြပြီး အိမ်ရှင်ဘာစီလိုနာက တန်းဆင်းဇုန်ထဲက လီဟာနက်စ်အသင်းကို (၂)ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

Photo Credit : Getty Images

အိမ်ရှင်ဘာစီလိုနာအသင်းကတော့ ၄-၃-၃- ကစားကွက်နဲ့အတူ မက်ဆီ ဂရစ်ဇ်မန်း အန်ဆူဖာတီ ရာကီတစ် အာသာ ရောဘတ်တို ဖယ်လ်ပို ပီကေး လွန်းဂ်လတ် ဘူးစကတ်စ် တာစတီဂန်တို့ အသုံးပြုလာခဲ့ပါတယ်။ ပထမပိုင်းအစလောက်မှာ တန်းဆင်းဇုန်က လွတ်မြောက်အောင် ရုန်းနေရတဲ့ ဧည့်သည်လီဟာနက်စ်ရဲ့ ဘာစီလိုနာအသင်းအပေါ် တုန့်ပြန်ကစားမှုတွေက အတော်လေးကို ထိရောက်ခဲ့ပြီး ဘာစီတိုက်စစ်ကိုလည်း လီဟာနက်စ်ခံစစ်က အကောင်းဆုံးထိန်းချုပ်နိုင်ခဲ့ပါတယ်။ နောက်ပိုင်းမိနစ်တွေမှာတော့ ဘာစီလိုနာက ပိုဖိဖိစီးစီး ကစားလာနိုင်ခဲ့ကာ ပထမပိုင်းပြီးခါနီးလေးမှာ လူငယ်တိုက်စစ်မှူးလေး အန်ဆူဖာတီက ဧရိယာအပြင်ကဘက်ကနေ သွင်းယူခဲ့တဲ့သွင်းဂိုးနဲ့ ဘာစီလိုနာတို့ စတင်ဦးဆောင်နိုင်ခဲ့ပါတယ်။

Photo Credit : Getty Images

ဒုတိယပိုင်းပြန်စပြီး မိနစ်အနည်းငယ်အကြာမှာ ဘာစီလိုနာအသင်းက ဆွာရက်ဇ်နဲ့ ဆယ်မီဒိုတို့ကို ထည့်သွင်းလာခဲ့တာကြောင့် တိုက်စစ်က ပိုလို့တောင်ထက်မြက်လာခဲ့ပြီး (၆၅)မိနစ်မှာပဲ ဆယ်မီဒိုရဲ့ဖန်တီးပေးမှုကနေတစ်ဆင့် ဂရစ်ဇ်မန်းက ဘာစီလိုနာအတွက် ဒုတိယဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ဒါပေမယ့် VAR နဲ့ သွင်းဂိုးကို စစ်ဆေးခဲ့ရာမှာတော့ လူကျွံနေတာကြောင့် သွင်းဂိုးကို ပယ်ဖျက်သွားခဲ့ပါတယ်။ (၆၇)မိနစ်မှာတော့ ဘာစီလိုနာတို့ ပင်နယ်တီကန်ခွင့်ရခဲ့လို့ မက်ဆီကပဲ ပင်နယ်တီကို အဆုံးသတ်သွင်းယူခဲ့ကာ ဒုတိယဂိုးကို ပိုင်ဆိုင်ခဲ့ပါတယ်။ ပွဲအပြီးထိ ဘာစီလိုနာကပဲ ဆက်လက်ဖိအားပေးနိုင်ခဲ့ပေမယ့် သွင်းဂိုးတွေ ဆက်လက်မသွင်းယူနိုင်တော့ပဲ (၂)ဂိုးပြတ်နဲ့ပဲ အနိုင်ရသွားခဲ့ပါတယ်။