ဗလင်စီယာကို အဝေးကွင်းမှာ ဂိုးပြတ်ရှုံးပြီးနောက်ပိုင်း လာလီဂါမှာ ထပ်ပြီးခြေမချော်ရတော့အောင် သတိထားကစားလို့နေတဲ့ ဘာစီလိုနာအသင်းဟာ ဒီနေ့ညမှာတော့ စပိန်လာလီဂါပွဲစဉ်(၂၄)အဖြစ် အိမ်ကွင်းနူးကမ့်မှာ ဂီတာဖေးအသင်းကို ဧည့်ခံကစားသွားခဲ့ပြီး ခက်ခဲတဲ့ပြိုင်ဘက်ဖြစ်လို့ အကြိတ်အနယ်ကစားခဲ့ရာ အိမ်ရှင်ဘာစီလိုနာက ၂ဂိုး၁ဂိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။

Photo Credit : Getty Images

၄-၃-၃ ကစားကွက်ကိုပဲ တစ်ရာသီလုံးနီးပါး သုံးစွဲလာခဲ့တဲ့ ဘာစီလိုနာအသင်းက ဒီပွဲမှာလည်း အဲ့ဒီကစားကွက်နဲ့အတူ မက်ဆီ ဂရစ်ဇ်မန်း အန်ဆုဖာတီ ဒီဂျောင် အာသာ ဘူးစကတ်စ် အယ်ဘာ ပီကေး အမ်တီတီ ရောဘတ်တို တာစတီဂျန်တို့ကို အသုံးပြုလာခဲ့ပါတယ်။ လာလီဂါမှာ ခြေစွာလွန်းနေပြီး လျှော့တွက်လို့မရတဲ့ အသင်းတစ်သင်းအဖြစ် ရပ်တည်လို့နေတဲ့ ဂီတာဖေးကလည်း အမာခံ ကစားသမားအစုံအလင်နဲ့ အိမ်ရှင်ဘာစီလိုနာအသင်းကို ရင်ဆိုင်သွားခဲ့ပါတယ်။ ပထမပိုင်း ကစားသွားခဲ့ပုံအရ အသင်းနှစ်သင်းကြားမှာ ကွာခြားချက်ကြီးကြီးမားမားမရှိခဲ့ပဲ ဘာစီလိုနာကတော့ ထုံးစံအတိုင်း ဘောလုံးပိုင်ဆိုင်မှုတွေမှာ အသာစီးရယူခဲ့သလို အခွင့်အရေးတွေကိုလည်း အကောင်းဆုံးအသုံးချနိုင်ခဲ့လို့ ပထမပိုင်းမှာပဲ ဂိုးပြတ်နဲ့ ဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒီဂိုးတွေကိုတော့ ဂရစ်ဇ်မန်းနဲ့ ရောဘတ်တို့က သွင်းယူခဲ့တာဖြစ်ပြီး ဒီဂိုးတွေမပေးရခင်မှာ ရရှိခဲ့တဲ့ ဂီတာဖေးအသင်းရဲ့သွင်းဂိုးက VAR ပြန်ကြည့်ရမှာ Foul ဖြစ်နေတယ်ဆိုကာ ပြန်လည်ပယ်ဖျက်ခံခဲ့ရပါတယ်။

Photo Credit : Getty Images

ဒုတိယပိုင်းမှာတော့ ဧည့်သည်ဂီတာဖေးအသင်းက ပြန်လည်ဖိအားပေးကစားလာခဲ့ပြီး ဘာစီလိုနာနဲ့ပါ သတင်းတွေ ထွက်ပေါ်လျက်ရှိနေတဲ့ တိုက်စစ်ကစားသမား အိန်ဂျယ်ရိုဒရီဂွက်ဇ်ကိုလည်း ထည့်သွင်းလာခဲ့ပါတယ်။ ၆၆မိနစ်အရောက်မှာတော့ ဒီတိုက်စစ်ကစားသမားက ညာခြမ်းကနေ တိတိကျကျ ပေးပို့မှုကနေ အကောင်းဆုံးအဆုံးသတ်ပြီး ချေပဂိုးပြန်လည်သွင်းယူခဲ့သလို ဒီဂိုးရပြီး သိပ်မကြာခင်မှာလည်း နောက်ထပ်ချေပဂိုးထပ်ရဖို့ နီးစပ်ခဲ့သေးပေမယ့် စတီဂျန်လက်စွမ်းပြခဲ့လို့ ဘာစီတို့ အသက်ရှချောင်စေခဲ့ရပါတယ်။ အဲ့ဒီနောက်မှာတော့ ဂီတာဖေးတို့ နောက်ထပ်ချေပဂိုးရရှိဖို့အတွက် ဆက်တိုက်ဖိအားပေးကစားလာခဲ့ပေမယ့် အိမ်ရှင်တို့က အနိုင်ရလဒ်ကို ထိန်းသွားနိုင်ခဲ့တာကြောင့် ၂ဂိုး၁ဂိုးနဲ့သာ ကပ်အနိုင်ရသွားခဲ့ပါတယ်။