စပိန်လာလီဂါပြိုင်ပွဲအတွင်း ကတ်တလန်ဒါဘီလို့ လူသိများလာတဲ့ စပိန်နိုင်ငံ ကတ်တလန်ဒေသအခြေစိုက် ဘောလုံးအသင်းတွေဖြစ်တဲ့ ဘာစီလိုနာအသင်းနဲ့ အက်စပန်ညိုအသင်းတို့ရဲ့ဒါဘီပြိုင်ပွဲမှာတော့ ပြိုင်ဆိုင်မှုတွေ ပြင်းထန်ခဲ့ရကာ တစ်ဖက်ကို ကစားသမားတစ်ယောက်စီ ထုတ်ပယ်ခံခဲ့ရသလို ဘာစီလိုနာက တစ်ဂိုးဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီး အက်စပန်ညိုလည်း တန်းဆင်းသွားခဲ့ပါတယ်။

Photo Credit : Getty Image

အိမ်ရှင်ဘာစီလိုနာအသင်းက ဗီလာရီးရဲလ်အသင်းကို အနိုင်ရခဲ့တဲ့ပွဲစဉ်က အသုံးပြုခဲ့တဲ့ လူစာရင်းအတိုင်း မက်ဆီ ဆွာရက်ဇ် ဂရစ်ဇ်မန်း ရာကီတစ် ဘူးစကတ်စ် ရောဘတ်တို ဆီမီဒို ပီကေး လွန်းဂလတ် အယ်ဘာနဲ့ တာစတီဂန်တို့ကိုပဲ ပြန်လည်အသုံးပြုလာခဲ့ပါတယ်။ ပထမပိုင်း ပွဲကစားချိန်တွေအတွင်းမှာ အိမ်ရှင်က ဘောလုံးပိုင်ဆိုင်မှုကို အသာစီးရယူထားခဲ့ပေမယ့် သွင်းဂိုးရနိုင်မယ့် အခွင့်အရေးတွေ အလုံအလောက်မပိုင်ဆိုင်ခဲ့ရသလို အက်စပန်ညိုအသင်းရဲ့ တောင်ပံကစားသမား အမ်ဘာဘရဲ့ကန်ချက်ကမှ သွင်းဂိုးရဖို့ နီးစပ်ခဲ့ပြီး စတီဂန်ကာကွယ်နိုင်ခဲ့လို့သာ ဂိုးမရခဲ့တာဖြစ်ပါတယ်။ ပထမပိုင်း ဘာစီလိုနာဘက်က မက်ဆီရဲ့ဖရီးကစ်ကန်သွင်းမှုတစ်ကြိမ်သာ စိတ်လှုပ်ရှားစရာကောင်းခဲ့ရပါတယ်။

Photo Credit : Getty Image

ဒုတိယပိုင်းအစမှာ ဆီမီဒိုနဲ့ အန်ဆူဖာတီကို လူစားလဲခဲ့ပြီး ဖာတီက (၅)မိနစ်သာ ကစားလိုက်ရပြီး ပြိုင်ဘက်ကစားသမားအပေါ် အဝင်ကြမ်းမိခဲ့လို့ တိုက်ရိုက်အနီကတ်ပ ထုတ်ပယ်ခံခဲ့ရသလို အက်စပန်ညို တောင်ပံကစားသမားလိုဇာနိုကလည်း ဘာစီလိုနာကစားသမားအပေါ် အဖြတ်ကြမ်းခဲ့ရာကနေ သူပါ အနီကတ်ပြ ထုတ်ခံလိုက်ရပါတယ်။ (၁၀)ယောက်စီ ဖြစ်သွားရချိန်မှာပဲ ဘာစီလိုနာဘက်ကနေ ဦးဆောင်ဂိုးစတင် ရရှိခဲ့ပြီး (၅၆)မိနစ်မှာ ဆွာရက်ဇ်က သွင်းယူခဲ့တာဖြစ်ပါတယ်။