ဒီနောက်ပိုင်းပွဲစဉ်တွေအတွင်းမှာ သွင်းဂိုးသွင်းယူမှုတွေ နည်းပါးလာခဲ့ပြီး ဂိုးဖန်တီးမှုတွေကိုသာ လုပ်ဆောင်လာနိုင်ခဲ့လို့ ဝေဖန်မှုတွေနဲ့ အနည်းငယ်ရင်ဆိုင်လို့နေရတဲ့ လီယွန်နက်မက်ဆီဟာ ဒီနေ့ည နူးကမ့်ကွင်းအတွင်းမှာ ကစားသွားခဲ့တဲ့ ဘာစီလိုနာနဲ့ အီဘာအသင်းတို့ရဲ့ စပိန်လာလီဂါပွဲစဉ်အတွင်း သူရဲ့သွင်းဂိုးတွေကို ပြန်လည်မြင်တွေ့ခဲ့ရပြီး မက်ဆီရဲ့သွင်းဂိုးတွေကြောင့်ပဲ ဘာစီလိုနာက အီဘာကို ၅ဂိုး ဂိုးမရှိနဲ့ကို အနိုင်ရသွားခဲ့ပါတယ်။

 

တစ်ရာသီလုံးနီးပါး သုံးစွဲလာခဲ့တဲ့ ၄-၃-၃ ကစားကွက်ကနေ ၄-၁-၂-၁-၂ ပုံစံပြောင်းလဲလာခဲ့တဲ့ ဘာစီလိုနာအသင်းရဲ့ ပွဲထွက်လူစာရင်းမှာ မက်ဆီ ဂရစ်ဇ်မန်း အာသာ ရာကီတစ် ဘူးစကတ်စ် လွန်းဂ်လတ် ပီကေး ဖယ်လ်ပို ဆယ်မီဒိုနဲ့ စတီဂျန်တို့ ပါဝင်လာခဲ့ပြီး တိုက်စစ်မှူးသစ်ဘရေ့ဝိတ်လည်း အရန်စာရင်းမှာ ပါဝင်လာပါတယ်။ အီဘာနဲ့ဆုံတိုင်း အမြဲလိုလို အသာစီးရယူလေ့ရှိတဲ့ ဘာစီလိုနာအသင်းဟာ အခုပွဲစဉ်မှာလည်း ပထမပိုင်းအစလောက်မှာပဲ အထနှေးကာ နောက်ပိုင်းမှာတော့ မက်ဆီရဲ့အကောင်းဆုံးတိုက်စစ်ဆင်မှုတွေနဲ့ပဲ ဂိုးတွေဆက်တိုက်ရရှိလာခဲ့ပြီး ပထမပိုင်းအတွင်းမှာ မက်ဆီက ဟက်ထရစ်သွင်းယူခဲ့ရင်း အသင်းကို ပြတ်ပြတ်သားသား ဦးဆောင်စေခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ ဘာစီလိုနာအသင်းက ပွဲကိုထိန်းသိမ်းကစားခဲ့ပြီး လာမယ့်ကြားရက်မှာ နာပိုလီနဲ့ ချန်ပီယံလိဂ်ပွဲ ဆင်နွဲရဦးမှာဖြစ်တာကြောင့် ကစားအားကို ချွေတာလာခဲ့ရင်း အီဘာအသင်းဘက်ကနေလည်း အခွင့်အရေးတွေ ပိုရလာခဲ့ပါတယ်။ ဒါပေမယ့်လည်း အီဘာအနေနဲ့ ချေပဂိုးပြန်သွင်းယူနိုင်ခြင်းမရှိသလို ဂရစ်ဇ်မန်းနေရာမှာ ဝင်ရောက်လာတဲ့ ဘရေ့ဝိတ်ကလည်း အသင်းနဲ့ အလျင်အမြန် အထိုင်ကျခဲ့ပြီး သူရဲ့ထိုးဖောက်မွှေနှောက်မှုတွေကနေ နောက်ထပ်သွင်းဂိုးတွေကို ပိုင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။ ဒီကစားသမားလေးရဲ့ ခြေစွမ်းပြမှုနဲ့အတူ ပွဲပြီးခါနီးမှာ မက်ဆီနဲ့အာသာတို့က ဘာစီလိုနာအတွက် အနိုင်ဂိုးတွေကို ဆက်လက်သွင်းယူပေးနိုင်ခဲ့ပါတယ်။