ဒီနေ့ ဇွန်လ(၂၄)ရက်နေ့ မနက်အစောပိုင်း (၂)နာရီခွဲအချိန်မှာတော့ ပရီးမီးယားလိဂ်ပွဲစဉ်(၃၁)ရဲ့ ဒုတိယပွဲစဉ်ဖြစ်တဲ့ လာလီဂါချန်ပီယံဆုအတွက် တိုက်ပွဲဝင်နေရတဲ့ ဘာစီလိုနာအသင်းနဲ့ ဒီရာသီမှာ ဘာစီလိုနာကို ကောင်းကောင်းဒုက္ခပေးထားနိုင်ခဲ့တဲ့ ဘီလ်ဘာအိုအသင်းတို့ ပွဲစဉ်အတွင်းမှာ အိမ်ရှင်ဘာစီလိုနာအသင်းက (၁)ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားခဲ့ပါတယ်။

Photo Credit : Getty Image

၄-၃-၃ ကစားကွက်ကိုပဲ ဆက်လက်သုံးစွဲခဲ့တဲ့ အိမ်ရှင်ဘာစီလိုနာအသင်းက မက်ဆီ ဆွာရက်ဇ် ဂရစ်ဇ်မန်း အာသာ ဗီဒယ် ဘူးစကတ်စ် ဆီမီဒို အယ်ဘာ ပီကေး လွန်းဂ်လတ် စတီဂန်တို့နဲ့ ပွဲထွက်လာခဲ့ပြီး နူးကမ့်မှာ ဘီလ်ဘာအိုကို အနိုင်ရဖို့ သေချာပြင်ဆင်လာခဲ့ပါတယ်။ ဘီလ်ဘာအိုကတော့ အသင်းရဲ့ အဓိက ကစားသမားတချို့ကို ပွဲထွက်လူစာရင်းကနေ ချန်လှပ်ခဲ့ပြီး အသင်းရဲ့ခံစစ်ပိုင်းကိုပဲ အားပြုလာခဲ့ကာ ဘာစီလိုနာတိုက်စစ်ကို အခက်တွေ့အောင် စီစဉ်လာခဲ့ပါတယ်။ ဒါကြောင့် ဘာစီလိုနာက ပထမပိုင်းတစ်ပိုင်းလုံးမှာ ဘောလုံးပိုင်ဆိုင်မှုအသာ ထိုးဖောက်မှုအသာရခဲ့ပေမယ့် ဘီလ်ဘာအိုအသင်းရဲ့ ခံစစ်ပိတ်ဆို့ကစားပုံကြောင့် ပထမပိုင်း (၄၅)မိနစ်အတွင်းမှာ သွင်းဂိုးမရနိုင်ခဲ့တာဖြစ်ပါတယ်။

Photo Credit : Getty Image

ပထမပိုင်းမှာ ဂိုးရဖို့ရုန်းကန်ခဲ့ရတဲ့ ဘာစီလိုနာက ဒုတိယပိုင်းပွဲချိန်တွေအတွင်း ရာကီတစ် အန်ဆူဖာတီ ပုချ်တို့ကို လူစားထိုးခဲ့ပြီး အသင်းရဲ့ကစားအားမှာလည်း ပိုကောင်းလာခဲ့ပါတယ်။ ဒါပေမယ့် ဘီလ်ဘာအိုခံစစ်ကတော့ လုံးဝအမှားမခံပဲ ဘာစီတိုက်စစ်ကို လိုက်လံဟန့်တားခဲ့လို့ မိနစ်(၇၀)ဝန်းကျင်ထိ ဘာစီလိုနာတို့ သွင်းဂိုးမပိုင်ဆိုင်နိုင်ခဲ့ပဲ (၇၁)မိနစ်အရောက်မှသာ လူစားဝင်လာတဲ့ ကွင်းလယ်ကစားသမား ရာကီတစ်က ဘာစီအတွက် အဖွင့်ဂိုးကို အနီးကပ်ပိတ်သွင်းယူနိုင်ခဲ့ပါတယ်။ အဲ့ဒီသွင်းဂိုးနဲ့ပဲ ဘာစီလိုနာတို့ နိုင်ပွဲပြန်လည်ရှာတွေ့နိုင်ခဲ့ပါတယ်။