ပြီးခဲ့တဲ့တစ််ပတ်က ပြုလုပ်ခဲ့တဲ့ စပိန်လာလီဂါ အယ်ကလက်စီကိုဒါဘီပွဲစဉ်အတွင်းမှာ ပြိုင်ဘက်ရီးရဲလ်မက်ဒရစ်အသင်းကို ၂ဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့ရတဲ့ ဘာစီလိုနာအသင်းဟာ ဒီနေ့မှာ လာလီဂါပွဲစဉ်(၂၇)အဖြစ် လာလီဂါအသင်းကောင်းတစ်သင်းဖြစ်တဲ့ ရီးရဲလ်ဆိုစီဒက်အသင်းနဲ့ နူးကမ့်ကွင်းကြီးအတွင်းမှာ အကြိတ်အနယ်ယှဉ်ပြိုင်ကစားစေခဲ့ပြီး ဘာစီလိုနာအသင်းက မက်ဆီရဲ့ပင်နယ်တီသွင်းဂိုးနဲ့အတူ ၁ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားခဲ့ပါတယ်။

Photo Credit : Getty Image

အိမ်ရှင်ဘာစီလိုနာအသင်းဟာ မက်ဆီ ဂရစ်ဇ်မန်း ဘရေ့ဝိတ် ဒီဂျောင် ရာကီတစ် ဘူးစကတ်စ် လွန်းဂ်လတ် ပီကေး အယ်ဘာ ဆယ်မီဒို တာစတီဂျန်တို့နဲ့အတူ ၄-၃-၃ ကစားကွက်နဲ့ ပွဲထွက်လာခဲ့ပါတယ်။ ကိုပါဒယ်ရေးဖလားပွဲမှာ ဖိုင်နယ်အထိတောင် တတ်လှမ်းထားနိုင်ခဲ့တဲ့ ဆိုစီဒက်ကလည်း အက်ဆစ် အော်ဒီဂွာ မာရီနို မွန်နီရယ်တို့လို ကစားသမားကောင်းေတွေကို အသုံးပြုလာခဲ့ပါတယ်။ ပထမပိုင်းတစ်ပိုင်းလုံးမှာ ဘာစီလိုနာအသင်းကပဲ ဖိအားပေးကစားနိုင်ခဲ့ပေမယ့် သွင်းဂိုးတွေ ပိုင်ဆိုင်ဖို့အတွက်ကတော့ အဆုံးသတ်ပိုင်းတွေမှာ အားနည်းချက်ရှိနေသလို ဆိုစီဒက်ဂိုးသမားမှာလည်း လက်စွမ်းပြခဲ့တာကြောင့် အခက်တွေ့ခဲ့ရပါတယ်။ အသင်းနဲ့ ပွဲထွက်ကစားခွင့်ရတဲ့ တိုက်စစ်မှူးသစ် ဘရေ့ဝိတ်ကတော့ ပထမပိုင်းမှာ ဘာစီလိုနာအတွက် ပုံစံကောင်းပြနိုင်ခဲ့ပြီး ဂိုးရနိုင်လောက်မယ့် အခွင့်အရေးတချို့ကိုလည်း ပိုင်ဆိုင်ခဲ့ပြီး သွင်းဂိုးတစ်ဂိုးကတော့ လူကျွံနေလို့ ပယ်ဖျက်ခံခဲ့ရပါတယ်။

Photo Credit : Getty Image

ဒုတိယပိုင်းမှာ ဧည့်သည်ဆိုစီဒက်ရဲ့တုန့်ပြန်ကစားမှုက ပထမပိုင်းကထက် ပိုကောင်းလာတယ်ဆိုပေမယ့် အခွင့်အရေးတွေကတော့ ဘာစီလိုနာကပါ ပိုမိုရရှိခဲ့တာဖြစ်ပြီး သွင်းဂိုးကိုတော့ မိနစ်၈၁မိနစ်မှသာ ပိုင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။ ဒီဂိုးက ပင်နယ်တီကနေ ရရှိခဲ့တာဖြစ်ပြီး ဧရိယာအတွင်း ဆိုစီဒက်နောက်ခံလူ ဘောလုံးရှင်းထုတ်ရမှာ ဘောလုံးကို လက်နဲ့ထိခဲ့လို့ ပင်နယ်တီသတ်မှတ်ခဲ့တာဖြစ်ပြီး မက်ဆီက အသင်းအတွက် ဦးဆောင်ဂိုးအဖြစ် သွင်းယူနိုင်ခဲ့ပါတယ်။ ပွဲပြီးခါနီးမှာ အယ်ဘာက ဒုတိယမြောက်သွင်းဂိုး ရယူပေးခဲ့ပေမယ့်လည်း ဒိုင်ကတော့ VAR ကြည့်ပြီး လူကျွံဘောအဖြစ် သတ်မှတ်ကာ ပယ်ဖျက်ခဲ့ပါတယ်။