MySport Myanmar

လီဂူးမှာ ခြေစွမ်းပြနေတဲ့ ဂရင်းဝုဒ်ကို ဘာစီလိုနာ ဘိုင်ယန် အသက်လက်တီကိုတို့ စိတ်ဝင်စား

ဒီနှစ်ဘောလုံးရာသီမှာ မာဆေးလ်အသင်းအတွက် အကောင်းဆုံး ခြေစွမ်းတွေ ပြသလို့နေတဲ့ တိုက်စစ်ကစားသမားလေး မေဆန် ဂရင်းဝုဒ်ကို ဘာစီလိုနာ ဘိုင်ယန်မြူးနစ်နဲ့ အသက်လက်တီကို မက်ဒရစ်တို့က စိတ်ဝင်စားနေကြပြီး ကင်းထောက်တွေပါ စေလွှတ်ကာ ဂရင်းဝုဒ်ရဲ့ ခြေစွမ်းတွေကို လေ့လာနေတယ်လို့ သိရပါတယ်။

အသက် (၂၂)နှစ်အရွယ် အင်္ဂလန် လက်ရွေးစင်ဟောင်း ဂရင်းဝုဒ်ဟာ သူရင်ဆိုင်ခဲ့ရတဲ့ အမှုကိစ္စတွေကြောင့် ယူနိုက်တက် ကစားသမားဘဝကို ဆက်လက် ဖြတ်သန်းဖို့ ခဲယဉ်းခဲ့ရပြီး မနှစ်က ရာသီမှာပဲ ဂီတာဖေးအသင်းဆီ အငှားနဲ့ ပြောင်းရွှေ့ခဲ့သလို အခုလည်း မာဆေးလ်အသင်းဆီ အပြီးသတ် ပြောင်းရွှေ့ခဲ့ပါတယ်။

ဂီတာဖေးမှာ တစ်ရာသီအတွင်း အကောင်းဆုံး ကစားသမားဆု ရရှိခဲ့တဲ့အထိ တောက်ပနိုင်ခဲ့တဲ့ ဂရင်းဝုဒ်ဟာ အခုလည်း မာဆေးလ်အသင်းနဲ့အတူ ပြင်သစ်မြေမှာ အကောင်းဆုံး တောက်ပနေပါတယ်။ ဂရင်းဝုဒ်က ဒီရာသီမှာ မာဆေးလ်အတွက် လီဂူးဝမ်း (၄)ပွဲအထိ ကစားပြီးချိန် (၃)ပွဲဆက်တိုက် ဂိုးပါဝင်ပတ်သက်ထားပြီး သွင်းဂိုး (၅)ဂိုး သွင်းယူထားပါတယ်။

ဒီလို အရည်အသွေးကောင်းတွေ ပြသထားနိုင်တဲ့ ဂရင်းဝုဒ်ကို အခုဆိုရင် ဘာစီလိုနာ ဘိုင်ယန်မြူးနစ်နဲ့ အသက်လက်တီကို မက်ဒရစ်အသင်းတို့ကနေ အပြိုင်အဆိုင် စိတ်ဝင်စားလို့နေပြီး ဒီအသင်းတွေရဲ့ ကင်းထောက်တွေကလည်း ဂရင်းဝုဒ်ရဲ့ ခြေစွမ်းတွေကို အနီးကပ် လေ့လာလျက် ရှိနေတယ်လို့ သတင်းထွက်ပေါ်နေပါတယ်။

Photo Credit : The Telegraph

အထူးသဖြင့်တော့ လာလီဂါမှာ တစ်ရာသီ ကျင်လည်ခဲ့ဖူးတဲ့ ဂရင်းဝုဒ်ကို ဘာစီလိုနာနဲ့ အသက်လက်တီကိုတို့က စိတ်ဝင်တစား စောင့်ကြည့်နေသလို ကိုးမန်း ဆာနေးတို့နဲ့ လက်တွဲဖြုတ်ဖွယ် ရှိနေတဲ့ ဘိုင်ယန်ကလည်း ညာတောင်ပံ ကစားသမားလေး ဂရင်းဝုဒ်ကို စိတ်ဝင်စားလို့နေပါတယ်။

ဒါပေမယ့် ဂရင်းဝုဒ်ကတော့ ဒီရာသီမှ မာဆေးလ်အသင်းဆီ ရောက်ရှိနေတာလည်း ဖြစ်သလို အသင်းနဲ့ကလည်း (၅)နှစ်စာချုပ်ပါ ချုပ်ဆိုထားတာဖြစ်လို့ မာဆေးလ်မှာပဲ နောက်ထပ် နှစ်အနည်းငယ်လောက်အထိ ဆက်ရှိနေဖို့က သေချာနိုင်တယ် ဆိုပေမယ့်လည်း ကလပ်အသင်းကြီးတွေရဲ့ ကမ်းလှမ်းမှုများကိုလည်း စဉ်းစားကောင်း စဉ်းစားလာနိုင်ပါတယ်။

Exit mobile version