ဘာစီလိုနာအသင်းကတော့ အသင်းရဲ့တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းဖို့နဲ့ အသင်းနဲ့ လက်တွဲဖြုတ်ဖွယ်ရှိနေတဲ့ ဝါရင့်တိုက်စစ်မှူးကြီး လူးဝစ်ဆွာရက်ဇ်ရဲ့နေရာမှာပါ အစားထိုးသွားဖို့အတွက် အင်တာမီလန်အသင်းရဲ့ တိုက်စစ်ကစားသမား လော်သာရိုမာတီနက်ဇ်ကို ခေါ်ယူသွားဖို့ ပစ်မှတ်ထားလျက်ရှိနေပါတယ်။ ဒါပေမယ့် အင်တာဘက်ကနေ သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးအတိုင်း ပေးချေသွားဖို့ ခက်ခဲနေတဲ့အတွက် မာတီနက်ဇ်ကို ခေါ်ယူသွားဖို့ ဘာစီလိုနာအသင်းအနေနဲ့ စူပါအေးဂျင့်မန်ဒက်စ်ကို အကူအညီတောင်းဆိုသွားဖွယ် ရှိနေပါတယ်။

Photo Credit : Sempreinter

အသက်(၂၃)နှစ်အရွှယ်ရှိ အာဂျင်တီးနားလက်ရွေးစင် တိုက်စစ်ကစားသမား မာတီနက်ဇ်ဟာ ၂၀၁၈ခုနှစ်ကမှ အာဂျင်တီးနားကလပ် ရေးဆင်းအသင်းကနေ အင်တာမီလန်အသင်းဆီကို ယူရို(၂၅)သန်းနဲ့ ရောက်ရှိလာခဲ့တာဖြစ်ကာ ပြီးခဲ့တဲ့ရာသီအတွင်း အင်တာအတွက် ပြိုင်ပွဲစုံ(၄၉)ပွဲအထိ ပါဝင်ကစားခဲ့ပြီး သွင်းဂိုး(၂၁)ဂိုးနဲ့ ဂိုးဖန်တီးမှု(၇)ကြိမ် ပြုလုပ်ထားနိုင်ခဲ့ပါတယ်။ ဒီလို စွမ်းဆောင်ရည်တွေ ပြသထားနိုင်တဲ့ မာတီနက်ဇ်ကို ဘာစီလိုနာအသင်းကနေ ခေါ်ယူသွားချင်နေပြီး ကစားသမားကိုယ်တိုင်ကလည်း ဘာစီကို ပြောင်းချင်နေပေမယ့် အင်တာနဲ့မာတီနက်ဇ်ကြား ချုပ်ဆိုထားတဲ့ စာချုပ်လျော်ကြေးအရ ပေါင်(၁၀၂)သန်းကို ဘာစီလိုနာဘက်ကနေ မပေးချေနိုင်တာကြောင့် အေးဂျင့်ဟိုဂေမန်ဒက်စ်ကို အကူအညီတောင်းဆိုဖွယ် ရှိနေပါတယ်။

Photo Credit : Sky Sports

ဘာစီလိုနာအသင်းဟာ နာမည်ကျော် စူပါအေးဂျင့် ဟိုဂေမန်ဒက်စ်ကို အကူအညီတောင်းပြီး အသင်းက ကစားသမားတွေကို ရောင်းချသွားကာ အသင်းရဲ့ဘဏ္ဍာရေးအခြေအနေကို တိုးမြှင့်နိုင်အောင် လုပ်ဆောင်ဖွယ်ရှိနေတယ်လို့ စပိန်သတင်းမီဒီယာတွေကနေ ဖော်ပြလာခဲ့ပါတယ်။ ဘာစီလိုနာဟာ မာတီနက်ဇ်ကို ခေါ်ယူသွားနိုင်ဖို့အတွက် အသင်းရဲ့နောက်ခံအစွန်လူ ဂျူနီယာဖယ်လ်ပိုကို အင်တာမီလန်အသင်းဆီ အပြောင်းအရွှေ့ တစိတ်တပိုင်းအဖြစ်နဲ့ ပို့ဆောင်သွားသွားပြီး မာတီနက်ဇ်ရဲ့ပြောင်းရွှေ့ကြေးကိုလည်း လျော့ချသွားနိုင်အောင် ကြိုးပမ်းဖွယ်ရှိနေပါတယ်။ အင်တာအသင်းကလည်း အသင်းရဲ့ကြယ်ပွင့် တိုက်စစ်ကစားသမား မာတီနက်ဇ်ကို လုံးဝးမရောင်းချသွားချင်ပဲ အသင်းနဲ့ပဲ စာချုပ်သက်တမ်းတိုးမြှင့်နိုင်ဖို့အတွက် ဆက်လက်ကြိုးပမ်းဖွယ်သာ ရှိနေပါတယ်။ ဒါပေမယ့် အသင်းကနေ မဖြစ်မနေ ရောင်းချရမယ်ဆိုရင်တော့ ပြောင်းရွှေ့ကြေးကို ပေါင်(၁၀၂)သန်းအောက် လုံးဝလျော့ချသွားခြင်းမရှိပဲ (၁၀၂)သန်းအတိုင်း ရရှိမှသာ အသင်းကနေ လက်လွတ်သွားဖွယ်ရှိနေတာကြောင့် ဘတ်ဂျက်ထိခိုက်နေရတဲ့ ဘာစီလိုနာအတွက် ခက်ခဲနေရတာဖြစ်ပါတယ်။