MySport Myanmar

အလွန်ဆိုနဲ့ အက်ဇ်ပီလီကွယ်တာတို့ နှစ်ဦးလုံးကို ခေါ်ယူဖို့ ဘာစီလိုနာ ကြိုးပမ်းနေ

ဖာဘရီဇီယိုရိုမာနိုရဲ့ သတင်းဖော်ပြချက်တွေအရ စပိန်လာလီဂါကလပ် ဘာစီလိုနာအသင်းဟာ လာမယ့်နွေစျေးကွက်ထဲမှာ ချယ်လ်ဆီးအသင်းရဲ့ နောက်ခံလူတွေဖြစ်တဲ့ မားကို့စ်အလွန်ဆိုနဲ့ ဆီဇာအက်ဇ်ပီလီကွယ်တာတို့ နှစ်ဦးစလုံးကို ခေါ်ယူသွားဖို့အတွက် ကြိုးပမ်းဆောင်ရွှက်နေတယ်လို့ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Metro

အသက်(၃၁)နှစ်အရွှ့ယ် စပိန်ဘယ်နောက်ခံကစားသမား အလွန်ဆိုဟာ ရီးယဲလ်မက်ဒရစ်အသင်းရဲ့ လူငယ်အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့တာဖြစ်ပြီး ၂၀၁၆ခုနှစ်မှ ချယ်လ်ဆီးအသင်းဆီ ရောက်ရှိလာခဲ့ကာ အသင်းနဲ့အတူ ချန်ပီယံလိဂ် ပရီးမီးယားလိဂ် ယူရိုပါလိဂ် အပါအဝင် ဆုဖလားတွေများစွာ ပိုင်ဆိုင်ထားခဲ့ပါတယ်။ အလွန်ဆိုဟာ ချယ်လ်ဆီးအသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ် ကျန်ရှိနေသေးပေမယ့် အလွန်ဆိုကိုယ်တိုင်က ချယ်လ်ဆီးက ထွက်ခွာချင်နေပြီး ဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့ချင်နေသလို ဘာစီလိုနာကလည်း အလွန်ဆိုကို ခေါ်ယူချင်နေတဲ့အတွက် အပြောင်းအရွှေ့ အထမြောက်ဖို့အတွက် ကစားသမားရဲ့ ပြောင်းရွှေ့ကြေးပိုင်းသာ ကျန်ရှိနေပါတော့တယ်။

Photo Credit : Football Espana

အလွန်ဆိုရဲ့ အသင်းဖော် ချယ်လ်ဆီးအသင်းခေါင်းဆောင် အက်ဇ်ပီလီကွယ်တာကလည်း ချယ်လ်ဆီးနဲ့ တစ်နှစ်ထပ်တိုးတာကြောင့် ၂၀၂၃ခုနှစ်မှသာ သူရဲ့စာချုပ်က သက်တမ်းကုန်ဆုံးမှာ ဖြစ်ပေမယ့် ဘာစီလိုနာဘက်ကတော့ အက်ဇ်ပီလီကွယ်တာကို အလိုရှိနေပြီး (၂)နှစ်စာချုပ်နဲ့ပါ ခေါ်ယူချင်နေတာ ဖြစ်ပါတယ်။ အက်ဇ်ပီလီကွယ်တာဟာ ချယ်လ်ဆီးရဲ့ အရေးပါတဲ့ ကစားသမား ဖြစ်နေပေမယ့်လည်း ချယ်လ်ဆီးအသင်းနဲ့ တွေ့ဆုံပြီး သူရဲ့ အနာဂတ်ကို ဆုံးဖြတ်ချက်ဖို့အတွက် စောင့်ဆိုင်းလျက် ရှိနေကာ ဒီကစားသမားတွေ မတိုင်ခင်မှာလည်း ချယ်လ်ဆီးနောက်ခံလူ ခရစ္စတန်ဆန်ကပါ ဘာစီလိုနာအသင်းကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရယူထားနိုင်ခဲ့ပါသေးတယ်။ လက်ရှိအခြေအနေအရ ဘာစီလိုနာအသင်းဟာ ချယ်လ်ဆီးနောက်ခံလူတွေဖြစ်တဲ့ ခရစ္စတန်ဆန်နဲ့ အလွန်ဆိုတို့နှစ်ဦးကို သေချာပေါက် ခေါ်ယူနိုင်ဖွယ် ရှိနေပြီး အက်ဇ်ပီလီကွယ်တာကလည်း ကစားသမားဘဝက အနားမယူခင်မှာ စပိန်နိုင်ငံကို ပြန်သွားနိုင်တာကြောင့် ဘာစီလိုနာအသင်းရဲ့ ကမ်းလှမ်းချက်ကို လက်ခံသွားဖွယ် ရှိနေပါတယ်။

Exit mobile version