ဒီနှစ်ဘောလုံးရာသီအစ နည်းပြရော်နယ်ကိုးမန်းလက်အောက် ရလဒ်တွေ ဆိုးရွှားခဲ့ပြီး အမှတ်ပေးဇယား အလယ်လောက်အထိကိုပါ ကျဆင်းခဲ့ရတဲ့ ဘာစီလိုနာအသင်းကတော့ ဒဏ်ရာပြသာနာတွေကြားကပဲ အခု ၂၀၂၁ခုနှစ်အတွင်းမှာ မထင်မှတ်ထားလောက်အောင် ရလဒ်ကောင်းတွေ ဆက်တိုက်ရယူထားနိုင်ခဲ့ပြီး ဒီနှစ်အတွင်း ကစားခဲ့ရတဲ့ စပိန်လာလီဂါ (၁၃)ပွဲအတွင်း လုံးဝကို ရှုံးပွဲမရှိထားခဲ့သလို ဒီ(၁၃)ပွဲထဲကမှ ရယူနိုင်မယ့် (၃၉)မှတ်အထဲမှာလည်း (၃၇)မှတ်အထိကို အရယူထားနိုင်ခဲ့ပါတယ်။

Photo Credit : Eurosport

ဘာစီလိုနာအသင်းဟာ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီအစပိုင်း လာလီဂါပြိုင်ပွဲအတွင်း ရလဒ်တွေ မတည်မငြိမ် ဖြစ်ခဲ့ရပေမယ့် ၂၀၂၁နှစ်ထဲကို ရောက်ရှိလာချိန်မှာတော့ ရလဒ်ကောင်းတွေကို တောက်လျှောက်ပြန်လည်ရယူနိုင်ခဲ့ကာ ၂၀၂၁ခုနှစ် နှစ်အစကနေ လက်ရှိအချိန်ထိ ယှဉ်ပြိုင်ကစားထားခဲ့တဲ့ လာလီဂါပွဲစဉ်(၁၃)ပွဲအတွင်း နိုင်ပွဲ(၁၂)ပွဲအထိ ရယူနိုင်ခဲ့သလို သရေတစ်ပွဲသာ ရှိခဲ့ရပါတယ်။ လက်ရှိမှာလည်း ဘာစီလိုနာအသင်းဟာ လာလီဂါ အမှတ်ပေးဇယားရဲ့ အဆင့်(၂)နေရာအထိ ရောက်ရှိလျက်ရှိနေသလို ထိပ်ဆုံးနေရာက အသက်လက်တီကိုမက်ဒရစ်အသင်းနဲ့လည်း ရမှတ်(၄)မှတ်လောက်အထိသာ ကွာဟနေတော့တာကြောင့် လာလီဂါချန်ပီယံဆုအတွက်ပါ မျှော်လင့်ချက်ပြန်ရှိလာခဲ့ရပါတယ်။

Photo Credit : Barcablaugranes

ဘာစီလိုနာအသင်းဟာ အခုနှစ် ၂၀၂၁ခုနှစ်အတွင်း ကာဒစ်ဇ်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရတဲ့ လာလီဂါပွဲစဉ်ကိုသာ သရေကျခဲ့ရတာဖြစ်ပြီး ကျန်တဲ့ လာလီဂါ (၁၂)ပွဲကိုတော့ အနိုင်ယူထားခဲ့သလို ဂရန်နာဒါအသင်းနဲ့ပွဲစဉ်မှာ (၄)ဂိုး ဂိုးမရှိ အလာဗက်စ်အသင်းနဲ့ပွဲစဉ်မှာ (၅)ဂိုး (၁)ဂိုး ဟွယ်ဆကာအသင်းနဲ့ပွဲစဉ်မှာ (၄)ဂိုး (၁)ဂိုးနဲ့ မနေ့ညက ဆိုစီဒက်အသင်းနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ (၆)ဂိုး(၁)ဂိုး အစရှိတဲ့ ပြတ်သားတဲ့ ရလဒ်တွေနဲ့ပါ အနိုင်ယူခဲ့ပါတယ်။ ဘာစီလိုနာအသင်းနဲ့အတူ အသင်းရဲ့ အဓိက ကစားသမားဖြစ်တဲ့ လီယွန်နယ်မက်ဆီဟာလည်း ၂၀၂၁ခုနှစ်အတွင်းမှာပဲ အသင်းအတွက် လာလီဂါသွင်းဂိုး (၁၆)ဂိုးအထိ သွင်းယူခဲ့တာဖြစ်ပြီး တစ်ရာသီလုံးမှာတော့ လိဂ်သွင်းဂိုးက (၂၃)ဂိုး သွင်းယူထားခဲ့ကာ ဒီရာသီ လာလီဂါ ဂိုးသွင်းအများဆုံး ကစားသမားစာရင်းမှာပါ ထိပ်ဆုံးနေရာက ရပ်တည်လျက်ရှိနေပါတယ်။ လက်ရှိမှာတော့ လာလီဂါပြိုင်ပွဲ ရာသီသိမ်းဖို့က (၁၀)ပွဲသာ ကျန်ရှိတော့တာဖြစ်ပြီး အသက်လက်တီကို ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့ကြားမှာ အမှတ်ကွာဟချက်က သိပ်များများစားစား မရှိတော့တာကြောင့် ဘယ်အသင်းက ချန်ပီယံဆုကို အရယူသွားနိုင်မလဲဆိုတာ စိတ်ဝင်စားစရာကောင်းနေပါတယ်။