လာမယ့် ၂၀၂၂ခုနှစ် နွေစျေးကွက်အတွင်းမှာပဲ ရီးယဲလ်ဆိုစီဒက်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားတော့မယ့် မန်ချက်စတာယူနိုက်တက် ကစားသမားဟောင်း အဒမ်ယာနူဇိုက်ကို လာလီဂါ နာမည်ကြီးကလပ် ဘာစီလိုနာအသင်းကနေ လာမယ့် ဇန်နဝါရီလအတွင်းမှာပဲ အသင်းနဲ့ သက်တမ်းမကုန်ခင် Cut-price တန်ကြေးအနည်းငယ်ခန့်နဲ့ ကမ်းလှမ်းမှုတွေ ပြုလုပ်လာဖွယ် ရှိနေတယ်လို့ The Daily Mail ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Football Espana

အသက်(၂၆)နှစ်အရွှယ်ရှိ ဘယ်ဂျီယံ ကစားသမား ယာနူဇိုက်ဟာ ၂၀၁၁ခုနှစ်ကတည်းက မန်ချက်စတာယူနိုက်တက် လူငယ်အကယ်ဒမီကို ရောက်ရှိလာခဲ့တာဖြစ်ပြီး ယူနိုက်တက်ကို နည်းပြဒေးဗစ်မွိုက်စ် ကိုင်တွယ်ချိန် ၂၀၁၃ခုနှစ်မှာပဲ ယူနိုက်တက်စီနီယာအသင်းအတွက် ကစားခွင့်ရခဲ့တာ ဖြစ်ပါတယ်။ အသင်းမှာ အထိုက်အလျောက် ခြေစွမ်းပြနိုင်ခဲ့ပေမယ့် နောက်ပိုင်းနှစ်တွေမှာ ယူနိုက်တက်အသင်းက နည်းပြအပြောင်းအလဲတွေ များစွာဖြစ်ပေါ်ခဲ့တဲ့နောက်ပိုင်း ယာနူဇိုက်အတွက် ယူနိုက်တက်မှာ နေရာမရှိတော့ပဲ ဆန်းဒါလန်း ဒေါ့မွန်အသင်းတွေမှာ အငှားကစားသမားအဖြစ် ကျင်လည်ခဲ့ရသလို ၂၀၁၇ခုနှစ်မှာ ဆိုစီဒက်အသင်းဆီကို အပြီးသတ် ထွက်ခွာခဲ့ရပါတယ်။

Photo Credit : 90Min

လက်ရှိမှာ ဆိုစီဒက်အသင်းနဲ့အတူ ပဥ္စမမြောက် ဘောလုံးရာသီကို ဖြတ်သန်လျက်ရှိနေတဲ့ ယာနူဇိုက်ဟာ အသင်းအတွက် ပွဲစဉ်ပေါင်း(၁၃၃)ပွဲ ပါဝင်ကစားထားခဲ့ပြီး သွင်းဂိုး(၁၉)ဂိုး သွင်းယူထားကာ ဒီရာသီမှာလည်း အသင်းနဲ့အတူ လာလီဂါပွဲစဉ် (၇)ပွဲနဲ့ ပြိုင်ပွဲစုံပွဲပေါင်း (၉)ပွဲ ပါဝင်ထားခဲ့ပါတယ်။ ဒါပေမယ့် ဒီရာသီအကုန်မှာပဲ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ယာနူဇိုက်ဟာ အသင်းနဲ့လည်း သက်တမ်းတိုးဖွယ် မရှိပဲ သက်တမ်းအကုန်မှာ အသင်းနဲ့သာ လမ်းခွဲသွားဖို့ ရှိနေတဲ့အတွက် ဒီအခြေအနေကို ဘာစီလိုနာဘက်ကနေ အသုံးချသွားဖွယ် ရှိနေပါတယ်။ ဘာစီလိုနာအသင်းဟာ ယူနိုက်တက် ကစားသမားဟောင်း ယာနူဇိုက်ကို လာမယ့်ဆောင်းစျေးကွက်မှာပဲ ယာနူဇိုက်ရဲ့လက်ရှိတန်ကြေးထက် ထက်ဝက်လျော့နည်းမယ့် ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းဖို့ ရှိနေသလို တကယ်လို့ ဒီကမ်းလှမ်းမှုက အဆင်မပြေခဲ့ရင်တော့ ရာသီအကုန်မှသာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထပ်မံကမ်းလှမ်းလာနိုင်ပါတယ်။ ဒါပေမယ့်လည်း ယာနူဇိုက်ကို အီတလီစီးရီးအေ ကလပ်အသင်း နာပိုလီအသင်းကပါ အလိုရှိနေပြီး အသင်းနဲ့ လမ်းခွဲတော့မယ့် အင်ဆစ်ဂနီနဲ့ နေရာမှာ အစားထိုးသွားချင်နေတာကြောင့် အပြိုင်ကမ်းလှမ်းရနိုင်ပါတယ်။