ဘာစီလိုနာအသင်းကတော့ ဒီနှစ်ဘောလုံးရာသီမှာ ခြေစွမ်းပိုင်း မတည်ငြိမ်မှုတွေကြောင့် ရလဒ်တွေက ဆိုးရွှားလျက်ရှိနေသလို အသင်းရဲ့ဘဏ္ဍာရေးအခြေအနေတွေက အားနည်းနေတာကြောင့် အသင်းရဲ့ဟာကွက်တွေရဲ့နေရာမှာ ကစားသမားသစ်တွေနဲ့ အစားထိုးဖို့အတွက်ကလည်း ခက်ခဲလို့နေပါတယ်။ ဒီလိုအခြေအနေတွေနဲ့ ရင်ဆိုင်နေရတဲ့အပြန် လက်ရှိမှာလည်း ဘာစီလိုနာအသင်းအနေနဲ့ အသင်းရဲ့တိုက်စစ်ကစားသမား ဖီလစ်ပီကော်တင်ဟိုကို နောက်ထပ်(၁၀)ပွဲခန့်လောက်အထိကို ထပ်မံသုံးစွဲတာနဲ့ လီဗာပူးလ်အသင်းကို အပိုဆုကြေး ပေါင်(၁၈)သန်းအထိ ပေးချေရမယ့်အရေးနဲ့ပါ ရင်ဆိုင်နေရပြန်ပါတယ်။

Photo Credit : Daily Mail

ပြီးခဲ့တဲ့ဘောလုံးရာသီက ဘိုင်ယန်မြူးနစ်အသင်းဆီကို တစ်ရာသီအငှားစာချုပ်နဲ့ သွားရောက်ကစားခဲ့ရတဲ့ ကော်တင်ဟိုဟာ ဒီရာသီမှာတော့ သူရဲ့မူရင်းကလပ် ဘာစီလိုနာဆီကို ပြန်လည်ရောက်ရှိလာခဲ့ပြီး သူ့ကို နည်းပြရော်နယ်ကိုးမန်းကလည်း အသင်းကနေ ရောင်းချသွားဖို့ထက် ဆက်လက်သုံးစွဲဖို့ကိုသာ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ ဒါပေမယ့် ကော်တင်ဟိုဟာ ဒီရာသီရဲ့ ပြိုင်ပွဲစုံ(၁၂)ပွဲအတွင်း သွင်းဂိုး(၃)ဂိုးနဲ့ ဂိုးဖန်တီးမှုက (၂)ကြိမ်သာ ပြုလုပ်ထားနိုင်ခဲ့တဲ့အထိ စွမ်းဆောင်ရည်ပိုင်းက အားရစရာ မရှိလို့ သူ့ကို အသင်းဘက်နေ ရောင်းချသွားချင်နေပါတယ်။

Photo Credit : Daily Mail

ကော်တင်ဟိုရဲ့ အားရစရာမကောင်းလှတဲ့ စွမ်းဆောင်ရည်တစ်ခုကြောင့်ပဲ သူ့ကို အသင်းကနေ ရောင်းထုတ်ချင်နေတာမဟုတ်ပဲ သူ့ကို အသင်းဆီ ခေါ်ဆောင်ခဲ့ချိန်တုန်းက လီဗာပူးလ်အသင်းနဲ့ ချုပ်ဆိုခဲ့တဲ့ အပိုဆုကြေးတွေကြောင့်ပါ ရောင်းထုတ်ချင်နေတာဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဟာ ကော်တင်ဟိုကို လီဗာပူးလ်အသင်းကနေ ခေါ်ယူခဲ့စဉ်တုန်းက ပြောင်းရွှေ့ကြေး ပေါင်(၁၄၂)သန်းနဲ့ ခေါ်ယူခဲ့ရတာဖြစ်ပြီး ကော်တင်ဟိုအနေနဲ့ ဘာစီလိုနာအသင်းအတွက် ပွဲတစ်ရာပြည့်အထိ ပါဝင်ကစားခဲ့ပြီးချိန်မှာ အပိုဆုကြေးအနေနဲ့ နောက်ထပ် ပေါင်(၁၈)သန်းကို ထပ်မံပေးချေသွားဖို့ကိုပါ သဘောတူခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာ ကော်တင်ဟိုဟာ ဘာစီလိုနာအသင်းအတွက် တရားဝင်ပွဲစဉ်ပေါင်း (၉၀)အထိကို ပါဝင်ကစားထားခဲ့ပြီဖြစ်လို့ နောက်ထပ်(၁၀)ပွဲကိုသာ ဆက်လက်ကစားစေမယ်ဆိုရင် နောက်ထပ်ပေါင်(၁၈)သန်းကို ထပ်ဆောင်းပေးချေရမှာဖြစ်ပါတယ်။ ဒီလိုအခြေအနေတွေကြောင့် ဘာစီလိုနာဘက်ကနေ ကော်တင်ဟိုကို သူတို့ခေါ်ယူထားတဲ့ ပြောင်းရွှေ့ကြေးထက် ထက်ဝက်နီးပါးလောက်အထိ အဆုံးခံကာ အသင်းကနေ ပြန်လည်ရောင်းချသွားချင်နေတာဖြစ်ပြီး ကော်တင်ဟိုကို ရောင်းချလို့တဲ့ငွေနဲ့ ကစားသမားသစ်တွေ ပြန်လည်ခေါ်ယူဖွယ် ရှိနေပါတယ်။