MySport Myanmar

လာမယ့်နွေမှာ ကန်တေကို ခေါ်ယူသွားနိုင်ဖို့ ပိုမို နီးစပ်လာခဲ့ရတဲ့ ဘာစီလိုနာ

ဘာစီလိုနာအသင်းဟာ လာမယ့် ၂၀၂၃ခုနှစ် နွေဈေးကွက်အတွင်းမှာ ချယ်လ်ဆီးအသင်းရဲ့ အဓိက ကွင်းလယ်ကစားသမား အန်ဂိုလိုကန်တေကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူသွားနိုင်ဖို့ တဖြည်းဖြည်း နီးစပ်လာခဲ့ရပြီး ဇန်နဝါရီလထဲမှာ အကြိုသဘောတူညီမှုတစ်ရပ်ကိုပါ ရရှိနိုင်ဖွယ် ရှိနေတယ်လို့ စပိန်သတင်းစာ SPORT ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : LANCE!

အသင်းရဲ့ ဘဏ္ဍာရေး အကျပ်အတည်းတွေကြောင့် ဈေးကွက်အတွင်း free agents ကစားသမားတွေ ခေါ်ယူမှုကို များစွာ ပြုလုပ်လာခဲ့တဲ့ ဘာစီလိုနာအသင်းဟာ လာမယ့်နွေမှာလည်း အသင်းလက်မဲ့ ဖြစ်လာတော့မယ့် ကန်တေ ဂျော်ဂျင်ဟို တီလေမန်းစ်တို့ကို ပစ်မှတ်ထားလို့နေပြီး အခုလက်ရှိမှာလည်း ကန်တေကို ခေါ်ယူနိုင်ဖို့က အခြေအနေကောင်းနေခဲ့ရပြီ ဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းရဲ့ အဓိက ကစားသမားဖြစ်သူ ကွင်းလယ်လူ ကန်တေဟာ အရည်အသွေးမြင့် ကစားသမားတစ်ဦး ဖြစ်ပေမယ့်လည်း ဒဏ်ရာ မကြာခဏ ရရှိတတ်သူဖြစ်လို့ ချယ်လ်ဆီးဘက်က ကန်တေကို သူအလိုရှိနေတဲ့ (၃)နှစ်စာချုပ်အတိုင်း သက်တမ်းတိုးဖို့ ဆန္ဒမရှိပဲ (၂)နှစ်သာ တိုးမြှင့်ချင်နေတဲ့အတွက် စာချုပ်ကိစ္စက အခုထိကို အဆင်မပြေနိုင်သေးပဲ ကြန့်ကြာနေရပါတယ်။

Photo Credit : Goal

ဒီအခြေအနေကို ဘာစီလိုနာအသင်းက စောင့်ကြည့်လျက် ရှိနေပြီး လာမယ့် ဇန်နဝါရီလမှာပဲ ကန်တေအတွက် ကမ်းလှမ်းမှုတွေ ပြုလုပ်သွားဖွယ် ရှိနေရာ ကန်တေကိုယ်တိုင်ကလည်း ဘာစီလိုနာရဲ့ ကမ်းလှမ်းမှုကို လက်ခံသွားဖွယ် ရှိနိုင်တယ်လို့ SPORT က ဖော်ပြခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ အသင်းရဲ့ ကွင်းလယ်မှာ လာမာစီယာ ထုတ်ကုန်တွေဖြစ်တဲ့ ပတ်ဒရီ ဂါဗီတို့လို လူငယ် ကြယ်ပွင့်လေးတွေ ရှိနေပေမယ့်လည်း ဒီဂျောင်က အနာဂတ် အခြေအနေ မသေချာ မရေရာ ဖြစ်နေရသလို ဘူးစကတ်စ်ကလည်း လာမယ့်နွေမှာ အသင်း အပြောင်းအလဲ လုပ်ဆောင်ဖွယ် ရှိနေတာကြောင့် ကန်တေလို အတွေ့အကြုံရင့် ကွင်းလယ်လူတစ်ဦးကို ဖြည့်တင်းသွားချင်နေတာ ဖြစ်ပါတယ်။ အသက်(၃၁)နှစ်အရွယ်ရှိ ကွင်းလယ်လူ ကန်တေဟာ ၂၀၁၆ခုနှစ်ကမှ လက်စတာကနေ ချယ်လ်ဆီးကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ချယ်လ်ဆီးမှာ ချန်ပီယံလိဂ် ယူရိုပါလိဂ် ပရီးမီးယားလိဂ် ဥရောပစူပါဖလား ဖီဖာကလပ်ကမ္ဘာ့ဖလား အက်အေဖလားတို့ကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ ချယ်လ်ဆီးကတော့ ကန်တေ ဂျော်ဂျင်ဟိုတို့နေရာမှာ အစားထိုးဖို့အတွက် ဘရိုက်တန် ကွင်းလယ်လူ မွိုက်စ်ကိုင်ဆီဒိုကို စိတ်ဝင်စားလျက် ရှိနေပြီး လီဗာပူးလ် မန်ချက်စတာယူနိုက်တက်တို့အပြိုင် ကမ်းလှမ်းရဖွယ် ရှိနေပါတယ်။

Exit mobile version