ဘာစီလိုနာအသင်းရဲ့ နည်းပြသစ်ဖြစ်သူ ရော်နယ်ကိုးမန်းကတော့ လက်ရှိအချိန်မှာ သူတို့ရဲ့ဘာစီလိုနာအသင်းအနေနဲ့ အားလုံးတွေးထင်ထားတာတွေ ယူဆထားတာတွေထက်ကို ပိုမိုကောင်းမွန်နေတဲ့ ကလပ်အသင်းတစ်သင်း ဖြစ်လာနေခဲ့ပြီလို့ ဆယ်တာဗီဂိုအသင်းကို ဂိုးပြတ်အနိုင်ရခဲ့တဲ့ စပိန်လာလီဂါပွဲစဉ်(၄)အပြီးမှာ ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ အဲ့ဒီပွဲစဉ်မှာ ပထမပိုင်း ပြီးခါနီးလောက်ကတည်းက ကစားသမားတစ်ယောက်လျော့နေခဲ့ရပေမယ့် အိမ်ရှင်ဆယ်တာအသင်းဘက်ကို (၃)ဂိုးပြတ်နဲ့ အပြတ်အသတ်အနိုင်ကစားခဲ့ကာ (၂)ပွဲဆက်တိုက် နိုင်ပွဲဆက်ခဲ့ရပါတယ်။

Photo Credit : Teller Report

အပြောင်းအလဲတွေနဲ့ အသင်းအတွင်း မတည်မငြိမ်ဖြစ်နေရတဲ့ ပြသာနာတွေကြောင့် ဘောလုံးပရိသတ်များစွာ ဘာစီလိုနာအသင်းကို ဒီနှစ်ဘောလုံးရာသီမှာ ရုန်းကန်ရလိမ့်မယ်လို့ ထင်ကြေးပေးထားကြပေမယ့်လည်း ဘာစီလိုနာကတော့ ဗီလာရီးရဲလ်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ လာလီဂါပွဲစဉ်မှာ (၄)ဂိုးပြတ်နဲ့ အနိုင်ရခဲ့သလို မနေ့ညက ကစားခဲ့ရတဲ့ ဆယ်တာဗီဂိုနဲ့ပွဲမှာပါ ဒုတိယပိုင်းတစ်ပိုင်းလုံးကို ကစားသမား(၁၀)ယောက်နဲ့ ကစားခဲ့ရပေမယ့် သွင်းဂိုးတွေပါ ထပ်မံရယူခဲ့ပြီး ဂိုးပြတ်နိုင်ပွဲကို ထပ်မံပိုင်ဆိုင်ခဲ့ပြန်ပါတယ်။ ဒီလို ဂိုးပြတ် Clean Sheets နိုင်ပွဲတွေနဲ့ပတ်သက်ပြီး ဘာစီလိုနာနည်းပြ ရော်နယ်ကိုးမန်းက “ကျွန်တော်တို့ အကောင်းဆုံးလုပ်ဆောင်နိုင်ခဲ့တယ်။ အဲ့ဒီအတွက်ကိုလည်း အရမ်းဂုဏ်ယူနေမိပါတယ်”

Photo Credit : El Periodico

“ကစားသမားတစ်ယောက် လျော့သွားခဲ့ရပေမယ့် စည်းကမ်းရှိရှိနဲ့ပဲ ဆက်လက်ကစားခဲ့တယ်။ ပြီးတော့ အခွင့်အရေးတွေ အများကြီးကိုလည်း ဖန်တီးပေးနိုင်ခဲ့တယ်။ ကျွန်တော် အရမ်းဝမ်းမြောက်မိပါတယ်။ ပထမပိုင်းပြီးဆုံးချိန်မှာ အသင်းကို ညွှန်ကြားရတာက အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့ရတယ်။ ဒါတွေကြောင့်လည်း အသင်းအပေါ် တော်တော်လေးကို အကျိုးသက်ရောက်ခဲ့တယ်။ ပွဲပြီးဆုံးချန်မှာ ရရှိခဲ့တဲ့ ရလဒ်ကိုလည်း စိတ်ကျေနပ်မှု ရှိပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက အသင်းဖြစ်ပွားခဲ့တာတွေနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်ဘာမှ မှတ်ချက်မပေးလိုတော့ပါဘူး။ အသင်းကို ကျွန်တော်စရောက်လာချိန်ကတည်းက အသင်းသားတွေက နိုင်ပွဲအတွက် ဆာလောင်နေကြပါတယ်။ လေ့ကျင့်ခန်းတွေကိုလည်း လုပ်အားနှုန်းကောင်းကောင်းနဲ့ လုပ်ဆောင်ကြတယ်။ ပွဲကစားတော့လည်း လေ့ကျင့်ခန်းဆင်းတုန်းကလို ပုံစံမျိုးနဲ့ ကစားနိုင်ခဲ့တယ်။ ဒီနေ့ပွဲမှာလည်း သူတို့တွေက နောက်ဆုံးစက္ကန့်ပိုင်းအထိကို အကောင်းဆုံးပုံစံနဲ့ ကစားပြခဲ့တယ်။ တခြားနည်းပြတွေလိုပဲ ကျွန်တော်လည်း အချိန်တစ်ခုတော့ လိုအပ်ပါတယ်။ ဒါပေမယ့် ဒီအသင်းကတော့ ခင်ဗျားတို့အားလုံး ယူဆထားကြတာထက် ပိုကောင်းမွန်နေပါပြီ။ (၇)ဂိုးသွင်းထားပြီး တစ်ဂိုးမှပြန်မပေးရသေးဘူး။ ကျွန်တောတို့ တိုးတတ်ကောင်းမွန်နေပါပြီ” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။