MySport Myanmar

ဇန်နဝါရီမှာ ဒီပိုင်းကို ယူရို(၂)သန်းတည်းနဲ့ ရှင်းထုတ်သွားချင်နေတဲ့ ဘာစီလိုနာ

စပိန်နိုင်ငံ အခြေစိုက် Sport သတင်းစာရဲ့ ဖော်ပြချက်များအရ လာလီဂါထိပ်သီးကလပ် ဘာစီလိုနာအသင်းဟာ အသင်းရဲ့ နယ်သာလန် တိုက်စစ်ကစားသမား မန်ဖစ်ဒီပိုင်းကို မကြာခင်မှာ ဖွင့်လှစ်တော့မယ့် ဇန်နဝါရီ ဆောင်းဈေးကွက်အတွင်း ပြောင်းရွှေ့ကြေး ယူရို(၂)သန်းတည်းနဲ့ ရောင်းထုတ်သွားချင်နေတယ်လို့ သိရှိရပါတယ်။

Photo Credit : Goal

ဘာစီလိုနာအသင်းကို နယ်သာလန်လူမျိုး ရော်နယ်ကိုးမန်း ကိုင်တွယ်ခဲ့ချိန် ပြီးခဲ့တဲ့ ဘောလုံးရာသီရဲ့ နွေဈေးကွက်အတွင်းမှာပဲ နယ်သာလန် တိုက်စစ်ကစားသမားဖြစ်သူ ဒီပိုင်းကို လိုင်ယွန်အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ ဘာစီလိုနာဟာ ဒီပိုင်းကို (၂)နှစ်စာချုပ်နဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး အဲ့ဒီစာချုပ်ကလည်း ဒီရာသီအကုန်မှာပဲ ကုန်ဆုံးသွားတော့မှာဖြစ်လို့ ဒီပ်ိုင်းကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွတ်လိုက်ရမှာထက် cut-price တန်ကြေးလေး ရရှိချင်တာကြောင့် အခုလို ယူရို(၂)သန်းခန့်နဲ့ ရောင်းချသွားဖို့ စီစဉ်လာခဲ့တာ ဖြစ်ပါတယ်။

Photo Credit : Twitter

ဒီလို ယူရို(၂)သန်းတည်းနဲ့ ဒီပိုင်းကို ရောင်းချသွားချင်နေတဲ့ ဘာစီလိုနာအသင်းဟာ ကလပ်အသင်းတချို့နဲ့ ချိတ်ဆက်မှုတွေ လုပ်ဆောင်ခဲ့ပေမယ့်လည်း အသင်းတိုင်းလိုလိုက လာမယ့် နွေမှာ အလွတ် ခေါ်ယူနိုင်တော့မယ့် ဒီပိုင်းအတွက် ပြောင်းရွှေ့ကြေး တစ်စုံတစ်ရာ သုံးစွဲပြီး မခေါ်ယူချင်တာကြောင့် အပြောင်းအရွှေ့ ဖြစ်လာဖို့က ခက်ခဲနေရပါတယ်။ လက်ရှိမှာ အသက်(၂၈)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ တိုက်စစ်ကစားသမား ဒီပိုင်းဟာ လီဝန်ဒေါစကီး ဖာတီ ဖယ်ရန်တောရက်စ် ရာဖင်ညာ ဒမ်ဘီလီတို့လို attacking players ပေါင်းများစွာ ပိုင်ဆိုင်ထားတဲ့ ဘာစီလိုနာ တိုက်စစ်မှာ ပုံမှန်ကစားခွင့် ရရှိဖို့ ရုန်းကန်နေရပြီး သူရဲ့ လက်ရှိစာချုပ်ကိုလည်း အသင်းဘက်က ထပ်မံ သက်တမ်းတိုးသွားတော့မှာ မဟုတ်တာကြောင့် အသင်းနဲ့ လမ်းခွဲရဖို့ အခြေအနေ များလာခဲ့ရပါတယ်။ ဒီပိုင်းဟာ နယ်သာလန်လက်ရွေးစင်အသင်းနဲ့ ၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကို ကွာတားဖိုင်နယ်အဆင့်ထိ ပါဝင် ဆင်နွဲခဲ့ရပြီး အမေရိကန်အသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ (၁၆)သင်းအဆင့် ရှုံးထွက်ပွဲစဉ်မှာ သွင်းဂိုး(၁)ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ PSV မန်ချက်စတာယူနိုက်တက် လိုင်ယွန်တို့မှာ ပါဝင်ခဲ့ဖူးသူ ဒီပိုင်းဟာ ဒီရာသီမှာတော့ ဘာစီလိုနာအတွက် ပြိုင်ပွဲစုံ (၃)ပွဲသာ ကစားထားခဲ့ရပါတယ်။

Exit mobile version