စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာအသင်းဟာ သူတို့အသင်းရဲ့ ကာလရှည် ပစ်မှတ် ကစားသမား ဖြစ်သူ မန်ချက်စတာ စီးတီးအသင်းရဲ့ လူငယ်ကြယ်ပွင့် ဖာရန်း တောရက်စ်ကို လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ ခေါ်ယူနိုင်ဖို့ အတွက် အရှိန်မြှင့်ကာ ကြိုးပမ်းလာကြောင်း သိရပါတယ်။

ဘာစီလိုနာအသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲကို လက်ပြ နှုတ်ဆက်ကာ ယူရိုပါလိဂ်ပြိုင်ပွဲဆီ ဆင်းခဲ့ရပြီးနောက် အသင်းကို အလုံးစုံ ပြုပြင် ပြောင်းလဲမှု လုပ်ဆောင်ဖို့ ဆုံးဖြတ်ထားတဲ့ အသင်းတသင်း ဖြစ်ပြီး လာမယ့် ဇန်နဝါရီလ အပြောင်းအရွှေ့မှာပဲ လူအင်အား ဖြည့်တင်းမှု များစွာ ပြုလုပ်ဖို့ ကြိုးပမ်းနေပါတယ်။

Photo Credit: Sports Buzzer

အသက် ၂၁နှစ် အရွယ် စပိန်လက်ရွေးစင် လူငယ် တောင်ပံတိုက်စစ် ကစားသမား ဖာရန်း တောရက်စ်ဟာ မန်ချက်စတာ စီးတီးအသင်းနဲ့ စာချုပ်သက်တမ်း ၄နှစ် အထိ ကျန်ရှိနေသေးသူ ဖြစ်ပေမယ့် မန်ချက်စတာ စီးတီးအသင်းမှာ ပုံမှန် ပွဲထွက်ခွင့် ရရှိဖို့ ရုန်းကန်နေရတာကြောင့် ဘာစီလိုနာအသင်းထံ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေသူပါ။

နာမည်ကြီး စပိန်အခြေစိုက် သတင်းဌာန တခု ဖြစ်တဲ့ Marca သတင်းဌာနရဲ့ ဖော်ပြချက်အရ ဘာစီလိုနာအသင်းဟာ ဖာရန်း တောရက်စ်ကို ၅နှစ် စာချုပ်နဲ့ ခေါ်ယူဖို့ အတွက် ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိထားပြီး ဖာရန်း တောရက်စ်က ဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့ချိန်မှာ လုပ်ခလစာ လျှော့ယူဖို့ပါ ခေါင်းညိတ်ထားကြောင်း သိရပါတယ်။

Photo Credit: Sports Buzzer

လက်ရှိမှာတော့ ဘာစီလိုနာအသင်းနဲ့ မန်ချက်စတာ စီးတီးအသင်းတို့ရဲ့ တာဝန်ရှိသူတွေဟာ ဖာရန်း တောရက်စ်ရဲ့ အပြောင်းအရွှေ့ အတွက် တရားဝင် ဆွေးနွေးမှုတွေ ပြုလုပ်နေပြီး မန်ချက်စတာ စီးတီးအသင်းက ဖာရန်း တောရက်စ်ရဲ့ တန်ကြေးကို ယူရို ၆၀သန်း သတ်မှတ်ထားကာ ဘာစီလိုနာအသင်းက ဖာရန်း တောရက်စ် အတွက် ကနဦး ပြောင်းရွှေ့ကြေး ယူရို ၄၅သန်း + အပိုဆုကြေး ယူရို ၁၅သန်း ဆိုတဲ့ ကမ်းလှမ်းမှုနဲ့ ကမ်းလှမ်းထားတာကြောင့် နှစ်သင်းကြားမှာ သဘောတူညီမှု ရရှိဖို့လည်း နီးစပ်နေပါပြီ။