MySport Myanmar

ပဲလေ့စ်နဲ့ စာချုပ်ကုန်ဆုံးတော့မယ့် ဇာဟာကို ဘာစီနဲ့ ဂျုဗီတို့ပါ ပစ်မှတ်ထားနေ

ခရစ္စတယ်ပဲလေ့စ်အသင်းရဲ့ အိုင်ဗရီကို့စ် တောင်ပံကစားသမား ဇာဟာကို ချယ်လ်ဆီး အာဆင်နယ်တို့လို ပရီးမီးယားလိဂ် ထိပ်သီးအသင်းတွေက အလိုရှိနေကြသလို လတ်တလောမှာလည်း ဘာစီလိုနာနဲ့ ဂျုဗင်တပ်စ်တို့လို ထိပ်တန်းကလပ်အသင်းတွေကပါ ခေါ်ယူဖို့ စိတ်ဝင်စားလျက် ရှိနေတယ်လို့ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : The Sun

အသက်(၂၉)နှစ်အရွယ်ရှိ အိုင်ဗရီကို့စ်လက်ရွေးစင် ဘယ်တောင်ပံကစားသမား ဇာဟာ ဟာ ပဲလေ့စ်အသင်းရဲ့ အရေးအပါဆုံး ကစားသမားတစ်ဦးဖြစ်ပြီး ဒီရာသီမှာလည်း အသင်းအတွက် ပရီးမီးယားလိဂ်သွင်းဂိုး (၅)ဂိုးထိ သွင်းယူထားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဇာဟာက လာမယ့် ၂၀၂၃ခုနှစ် ဇူလိုင်လမှာပဲ သူနဲ့ ပဲလေ့စ်အသင်းတို့ကြား ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းက ကုန်ဆုံးတော့မှာဖြစ်သလို စာချုပ်ကိစ္စကလည်း ထပ်ပြီး တိုးမြှင့်ဖို့ အခြေအနေ မရှိတာကြောင့် ဇာဟာအနေနဲ့ လာမယ့်နွေမှာပဲ အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာသွားနိုင်တော့မှာပဲ ဖြစ်ပါတယ်။

Photo Credit : LiveScore

ဒီလို စာချုပ်သက်တမ်း လပိုင်းလောက်သာ ကျန်ရှိနေတော့တဲ့ ကစားသမားက လာမယ့် ဇန်နဝါရီလ ဆောင်းရာသီ အပြောင်းအရွှေ့ကာလမှာ သူရဲ့ လက်ရှိ အမှတ်ပေးပြိုင်ပွဲက အသင်းတွေကလွဲပြီး ကျန်တဲ့ လိဂ်တွေက အသင်းတွေနဲ့ အပြောင်းအရွှေ့ကိစ္စရပ်များကို ဆွေးနွေးနိုင်မှာ ဖြစ်ပါတယ်။ လက်ရှိမှာ ဇာဟာကို လန်ဒန်အခြေစိုက် အသင်းကြီးတွေဖြစ်တဲ့ အာဆင်နယ် ချယ်လ်ဆီးတို့က စိတ်ဝင်စားနေကြပေမယ့် လတ်တလောမှာ ဘာစီလိုနာ ဂျုဗင်တပ်စ်တို့ကပါ ဇာဟာကို အလိုရှိလာကြပြီး ဒီအသင်းတွေကလည်း လာမယ့် ဇန်နဝါရီမှာပဲ ဇာဟာရဲ့အေးဂျင့်ဖြစ်သူနဲ့ အပြောင်းအရွှေ့ကိစ္စတွေ ဆွေးနွေးနိုင်တော့မှာဖြစ်လို့ အာဆင်နယ် ချယ်လ်ဆီးတို့ထက်ပါ လက်ဦးမှု ရသွားနိုင်ဖွယ် ရှိနေပါတယ်။ ပဲလေ့စ် လူငယ်အကယ်ဒမီကနေ ထွက်ပေါ်လာတဲ့ ဇာဟာ ဟာ ပရီးမီးယားလိဂ်မှာ (၂၈၉)ပွဲအထိ ပါဝင်ကစားထားခဲ့ပြီး စုစုပေါင်း (၆၆)ဂိုး သွင်းယူထားခဲ့သလို (၄၂)ဂိုးအထိ ဖန်တီးထားနိုင်ခဲ့ပါတယ်။ ပရီးမီးယားလိဂ် အတွေ့အကြုံရင့် ကစားသမားဖြစ်သူ ဇာဟာက တောင်ပံနှစ်ဖက်လုံးမှာ လိုက်ပါကစားနိုင်သူ ဖြစ်သလို အထောင်တိုက်စစ်နေရာမှာပါ ကစားနိုင်သူလည်းဖြစ်လို့ ဒီလို နေရာစုံမှာ ကစားနိုင်တဲ့ ဇာဟာကို ကလပ်အသင်းများစွာက အလိုရှိလာခဲ့တာ ဖြစ်ပါတယ်။

Exit mobile version