ဘာစီလိုနာအသင်းနဲ့ အေစီမီလန်အသင်းတို့ဟာ ဒီနှစ်ဘောလုံးရာသီအကုန်မှာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားတော့မယ့် ကွင်းလယ်တိုက်စစ်ကစားသမား ဂျက်ဆီလင်ဂတ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူသွားဖို့အတွက် အပြိုင်စိတ်ဝင်စားနေကြပြီး ကစားသမားကိုယ်တိုင်ကလည်း ယူနိုက်တက်မှာ နေရာရဖို့ မလွယ်ကူတော့တာကြောင့် အသင်းပြောင်းဖို့ကိုသာ ပိုမိုဆန္ဒရှိလို့နေတယ်လို့ သိရှိရပါတယ်။

Photo Credit : Sports Mole

အသက်(၂၈)နှစ်အရွှ့ယ်ရှိ အင်္ဂလန်လက်ရွေးစင် ကွင်းလယ်ကစားသမား လင်ဂတ်ဟာ ၂၀၂၂ခုနှစ်မှာ ကျင်းပသွားမယ့် ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း အင်္ဂလန်အသင်းနဲ့အတူ ပါဝင်ဆင်နွဲခွင့် ရရှိဖို့အတွက် ကလပ်အသင်းမှာ ပုံမှန်နေရာ တစ်နေရာကို ရရှိချင်နေတာဖြစ်လို့ ယူနိုက်တက်အသင်းရဲ့ စာချုပ်သက်တမ်းတိုး ကမ်းလှမ်းချက်ကို ပယ်ချထားသလို အသင်းနဲ့ လက်တွဲဖြုတ်ဖို့ကိုသာ စဉ်းစားနေတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ လင်ဂတ်ကို ပြီးခဲ့တဲ့ရာသီတုန်းက အငှားနဲ့ ခေါ်ယူထားခဲ့ဖူးတဲ့ ဝက်စ်ဟမ်းအသင်း အပါအဝင် ကလပ်အသင်းများစွာက ခေါ်ယူချင်နေကြပြီး ဒီအသင်းတွေထဲမှာ နာမည်ကြီး ကလပ်အသင်းတွေဖြစ်တဲ့ ဘာစီလိုနာနဲ့ အေစီမီလန်အသင်းတွေပါ ပါဝင်လာခဲ့ကြပါတယ်။

Photo Credit : Reuters

ယူနိုက်တက်အသင်းနည်းပြ အိုလေဂန်နာဆိုးလ်ရှားကတော့ လင်ဂတ်ကို အသင်းမှာသာ ဆက်လက်ထားရှိချင်နေတာကြောင့် ဆောင်းစျေးကွက်မတိုင်ခင်မှာပဲ နောက်ထပ်ကမ်းလှမ်းမှုတွေ ထပ်မံပြုလုပ်ဖွယ် ရှိလာနိုင်ပေမယ့် ဒီကမ်းလှမ်းချက်ကိုလည်း လင်ဂတ်ဘက်ကနေ ထပ်မံပယ်ချမယ်ဆိုရင်တော့ ဇန်နဝါရီလမှာပဲ အသင်းကနေ ရောင်းချနိုင်ဖွယ် ရှိနေပါတယ်။ တကယ်လို့ ဆောင်းစျေးကွက်မှာ လင်ဂတ်ကို ရောင်းချမယ်ဆိုရင် ယူနိုက်တက်ဘက်က လင်ဂတ်အတွက် Cut-price ကြေးလောက်ကိုသာ မျှော်လင့်လို့ရမှာဖြစ်ပြီး တကယ်အသင်းပြောင်းဖြစ်မဖြစ်ကတော့ ကစားသမားအပေါ်မှာသာ မူတည်နေမှာ ဖြစ်ပါတယ်။ တကယ်လို့ လင်ဂတ်အနေနဲ့ သူရဲ့စာချုပ်သက်တမ်း ကုန်ဆုံးချိန်ထိ ယူနိုက်တက်မှာ ဆက်ရှိနေပြီး သက်တမ်းကုန်ချိန်မှာ အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာလာမယ်ဆိုရင်တော့ သူ့ကို ကမ်းလှမ်းလာမယ့် အသင်းတွေထဲမှာ ဘာစီလိုနာ အေစီမီလန်တို့လို ထိပ်တန်းအသင်းတွေပါ ပါဝင်လာမှာဖြစ်လို့ လင်ဂတ်အတွက် ရွေးချယ်စရာက ပိုများသွားနိုင်ပါတယ်။