စပိန်အင်အားကြီး အသင်းတသင်း ဖြစ်တဲ့ ဘာစီလိုနာအသင်း ကတော့ လာမယ့် ရက်ပိုင်းအတွင်းမှာ ပရီးမီးယားလိဂ် နာမည်ကြီးအသင်း ဖြစ်တဲ့ မန်ချက်စတာ စီးတီးအသင်းရဲ့ ဝါရင့် တိုက်စစ်မှူး အဂူရိုနဲ့ ပြင်သစ် နာမည်ကြီးအသင်း ဖြစ်တဲ့ လိုင်ယွန်အသင်းရဲ့ အဓိက တိုက်စစ် ကစားသမား ဒီပိုင်းတို့ကို ခေါ်ယူနိုင်ဖို့ နီးစပ်နေကြောင်း နာမည်ကြီး သတင်းထောက်တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုက ဆိုပါတယ်။ ဝါရင့် အာဂျင်တီးနား တိုက်စစ်မှူး အဂူရိုနဲ့ နယ်သာလန် လက်ရွေးစင် ဒီပိုင်းတို့ဟာ ယခုနှစ် ဘောလုံးရာသီ ကုန်ဆုံးချိန်မှာ သက်ဆိုင်ရာ အသင်းတွေနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် ကစားသမားတွေ ဖြစ်တာကြောင့် ဘာစီလိုနာအသင်း အနေနဲ့ သူတို့ကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မှာပဲ ဖြစ်ပါတယ်။

Photo Credit: Barca Universal

အသက် ၃၂နှစ် အရွယ် အဂူရိုဟာ ဘာစီလိုနာအသင်းရဲ့ အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီရဲ့ လက်ရွေးစင် အသင်းဖော်တဦး ဖြစ်ကာ သူဟာ လာလီဂါရဲ့ အင်အားကြီး အသင်းတသင်း ဖြစ်တဲ့ အက်သလက်တီကို မက်ဒရစ်အသင်း ကနေ ထွက်ပေါ်လာတဲ့ ထိပ်တန်း တိုက်စစ်မှူးတဦး ဖြစ်တာကြောင့် သူ့ရဲ့ အတွေ့အကြုံနဲ့ ဂိုးသွင်းစွမ်းရည်ဟာ ဘာစီလိုနာအသင်းက လိုအပ်နေတဲ့ အရာတွေ ဖြစ်ကြောင်း ဘာစီလိုနာ အသင်းရဲ့ တာဝန်ရှိသူတွေက ယုံကြည်ထားပါတယ်။ အသက် ၂၇နှစ် အရွယ်သာ ရှိသေးတဲ့ နယ်သာလန် လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား ဒီပိုင်းကတော့ လက်ရှိ ဘာစီလိုနာအသင်းရဲ့ နည်းပြဖြစ်သူ ကိုးမန်းရဲ့ စိတ်ကြိုက် ကစားသမားတဦး ဖြစ်ကာ ကိုးမန်းဟာ ဒီပိုင်းကို ခေါ်ယူပေးဖို့ ဘာစီလိုနာအသင်းထံ ယခုနှစ် ဘောလုံးရာသီ စတင်ချိန်ကတည်းက တောင်းဆိုထားတာလည်း ဖြစ်ပါတယ်။

Photo Credit: Barca Universal

လက်ရှိမှာတော့ ဘာစီလိုနာအသင်းဟာ အဂူရိုနဲ့ ဒီပိုင်းတို့ နှစ်ဦးစလုံးကို ခေါ်ယူဖို့ အတွက် အခြေအနေ ကောင်းနေသလို နှစ်ဦးစလုံးနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကာ မကြာမီ ရက်ပိုင်း အတွင်းမှာပဲ စာချုပ် ချုပ်ဆိုနိုင်ဖွယ် ရှိကြောင်း ရိုမာနိုက ဆိုပါတယ်။ ရိုမာနိုရဲ့ ပြောပြချက်အရ ဘာစီလိုနာအသင်းဟာ အဂူရိုကို ၂၀၂၃ခုနှစ် ဇွန်လ အထိ သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုမှာ ဖြစ်ကာ အဂူရိုဟာ ဘာစီလိုနာအသင်းမှာ တစ်နှစ်လုပ်ခ ယူရို ၁၀သန်းအောက် ပမာဏတခုကို ရရှိမှာ ဖြစ်ပြီး အဂူရိုဟာ မန်ချက်စတာ စီးတီးအသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ ကစားကြမယ့် ချန်ပီယံလိဂ် ဗိုလ်လုပွဲအပြီးမှာ ဘာစီလိုနာ အသင်းရဲ့ ကစားသမား ဖြစ်လာဖွယ် ရှိကြောင်း သိရပါတယ်။ ဒီပိုင်းကိုတော့ ဘာစီလိုနာ အသင်းဟာ ၂၀၂၃ ခုနှစ် ဒါမှမဟုတ် ၂၀၂၄ ခုနှစ် အထိ သက်တမ်း ရှိတဲ့ စာချုပ်တရပ်နဲ့ ကမ်းလှမ်းထားကြောင်းလည်း သိရပါတယ်။