စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာက သူတို့အသင်းရဲ့ ကွင်းလယ်ပိုင်း အတွက် ကြီးမားတဲ့ အင်အားဖြည့်တင်းမှု တရပ်အနေနဲ့ မန်ချက်စတာ စီးတီးရဲ့ ကွင်းလယ်တိုက်စစ် ကစားသမား ဘာနာဒို ဆေးလ်ဗားကို ခေါ်ယူဖို့ အသင်းနှစ်သင်းကြားမှာ ပဏာမ သဘောတူညီမှု ရယူနိုင်ခဲ့ကြောင်း ဘာစီလိုနာရဲ့ သတင်းတွေနဲ့ ပတ်သတ်ရင် ယုံကြည် စိတ်ချရတဲ့ သတင်းထောက် ဂျာရတ် ရိုမဲရိုးက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

ဘာစီလိုနာက ဘက်စ်ကွက် ၊ ဒီဂျောင် ၊ ပီယာနစ် ၊ ပီဒရီ ၊ ဂါဗီ စတဲ့ ကွင်းလယ်လူတွေကို ပိုင်ဆိုင်ထားပေမယ့် အဆိုပါ ကွင်းလယ်လူ အားလုံးဟာ ကွင်းလယ်တိုက်စစ် ကစားသမား အဖြစ် ကစားနိုင်စွမ်း မရှိတာကြောင့် ဘာစီလိုနာနည်းပြ ဇာဗီက ကွင်းလယ်တိုက်စစ် ကစားသမား ဖြစ်သူ ဘာနာဒို ဆေးလ်ဗားကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာလည်း ဖြစ်ပါတယ်။

Photo Credit: 90 Min

တဖက်မှာတော့ အသက် ၂၇နှစ် အရွယ် ပေါ်တူဂီ လက်ရွေးစင် ကွင်းလယ်တိုက်စစ် ကစားသမား ဘာနာဒို ဆေးလ်ဗားက မန်ချက်စတာ စီးတီးနဲ့ ခြေစွမ်းကောင်းတွေ ပြသထားနိုင်သူ ဖြစ်သလို အသင်းနဲ့ ၂၀၂၅ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးပေမယ့် သူ့ရဲ့ အိမ်မက်အသင်း ဖြစ်တဲ့ ဘာစီလိုနာကို ပြောင်းရွှေ့ဖို့ စိတ်ပိုင်းဖြတ်ထားသူပါ။

ဒါကြောင့်ပဲ ဘာစီလိုနာက ဘာနာဒို ဆေးလ်ဗားကို ခေါ်ယူဖို့ ယခု နွေဈေးကွက် စတင်ချိန်ကတည်းက ကြိုးပမ်းနေခဲ့တာ ဖြစ်ပြီး ဘာနာဒို ဆေးလ်ဗားနဲ့ ဘာစီလိုနာတို့ကြားမှာ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု တရပ် ရရှိထားတာလည်း ကြာမြင့်နေပြီ ဖြစ်ကာ ဘာနာဒို ဆေးလ်ဗားက ဘာစီလိုနာဆီ ပြောင်းရွှေ့ခွင့် ရဖို့ လုပ်ခလစာ လျှော့ယူရန် သဘောတူထားပါတယ်။

Photo Credit: 90 Min

ဘာစီလိုနာနဲ့ နီးစပ်သလို ဘာစီလိုနာနဲ့ ပတ်သတ်တဲ့ သတင်းတွေ ဆိုရင် ယုံကြည် စိတ်ချရတဲ့ သတင်းထောက် ဂျာရတ် ရိုမဲရိုးရဲ့ ဖော်ပြချက်အရ ဘာစီလိုနာက ဘာနာဒို ဆေးလ်ဗားကို ခေါ်ယူဖို့ မန်ချက်စတာ စီးတီးနဲ့ ပဏာမ သဘောတူညီမှု ရရှိထားပြီး ဘာစီလိုနာက ဘာနာဒို ဆေးလ်ဗားအတွက် မန်ချက်စတာ စီးတီးထံ ယူရို ၈၀သန်းအောက် ပြောင်းရွှေ့ကြေး  တရပ် ပေးချေရမယ်လို့ သိရပါတယ်။

ဒါပေမယ့် ဘာစီလိုနာက ဘာနာဒို ဆေးလ်ဗားကို ခေါ်ယူနိုင်ဖို့ သူတို့အသင်းရဲ့ ကွင်းလယ်လူ ဖရန်ကီ ဒီဂျောင်ကို အရင်ဆုံး ရောင်းချဖို့ လိုအပ်နေပြီး ဘာစီလိုနာရဲ့ တာဝန်ရှိသူတွေကတော့ ဒီဂျောင်ကို အသင်းကနေ အမြန်ဆုံး ထွက်ခွာအောင် တွန်းအားပေးနေကြပါတယ်။