စပိန်လာလီဂါ အင်အားကြီးကလပ် ဘာစီလိုနာအသင်းဟာ ရော်နယ် ကိုးမန်းကို ထုတ်ပယ်ပြီးနောက် လစ်လပ်သွားတဲ့ အသင်းရဲ့ နည်းပြရာထူး အတွက် အသင်းရဲ့ ကစားသမားဟောင်း တဦး ဖြစ်သူ ဇာဗီကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ သဘောတူညီမှု ရရှိခဲ့ကြောင်း စပိန်အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားပါတယ်။

ဘာစီလိုနာအသင်းဟာ ဗယ်လက်ကာနိုအသင်းကို အဝေးကွင်းမှာ ၁-၀ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ပြီးနောက် အသင်းရဲ့ နည်းပြဖြစ်သူ ရော်နယ် ကိုးမန်းကို ရာထူးကနေ ထုတ်ပယ်ခဲ့ပြီး နည်းပြသစ် တဦး ရှာဖွေနေကာ လက်ရှိမှာတော့ အသင်းရဲ့ နည်းပြအဖွဲ့ဝင် တဦး ဖြစ်သူ ဆာဂျီ ဘာဟွမ်ကို ယာယီနည်းပြ အဖြစ် ခန့်အပ် ထားပါတယ်။

Photo Credit: Marca

ဘာစီလိုနာအသင်းဟာ သူတို့အသင်းကို တချိန်ကလို ရွှေခေတ်ဆီ ပြန်ပို့ပေးနိုင်မယ့် နည်းပြတဦးကို ရှာဖွေနေတာ ဖြစ်ပြီး ကာတာကလပ် အယ်ဆတ်အသင်းကို တီကာတာကာ ကစားဟန်နဲ့ ကစားနိုင်အောင် လမ်းပြနိုင်ခဲ့သလို ၂နှစ် အတွင်း ဆုဖလား ၇လုံး အထိ ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ ဇာဗီကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ ချိတ်ဆက် ကြိုးစားနေတာ အတော်လေးကို ကြာမြင့်နေပါပြီ။

ဇာဗီဘက်ကလည်း သူဟာ အသင်းဟောင်း ဘာစီလိုနာအသင်းကို ကိုင်တွယ်ချင်ကြောင်း တရားဝင် ထုတ်ဖော် ဝန်ခံထားပြီး လက်ရှိမှာတော့ ဘာစီလိုနာအသင်းဟာ ဇာဗီကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ သဘောတူညီမှု ရခဲ့ကာ ဇာဗီနဲ့ အယ်ဆတ်အသင်းတို့ ကြားမှာ နှစ်ဦးသဘောတူ လမ်းခွဲဖို့သာ ကျန်တော့ကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ ကတ်တလန်တာ ရေဒီယို သတင်းဌာနက ယနေ့ နေ့လယ်ပိုင်းမှာ ဖော်ပြသွားခဲ့ပါတယ်။

Photo Credit: Marca

ဘာစီလိုနာအသင်းနဲ့ နီးစပ်သူတွေကလည်း အဆိုပါ သတင်းကို အတည်ပြု ပေးထားပြီး ဇာဗီဟာ လာမယ့် နိုဝင်ဘာလ ၆ရက်နေ့မှာ ယှဉ်ပြိုင် ကစားရမယ့် ဆယ်တာဗီဂိုအသင်းနဲ့ ဘာစီလိုနာအသင်းတို့ရဲ့ ပွဲစဉ်မှာပဲ ဘာစီလိုနာအသင်းကို ဦးဆောင်နိုင်ဖွယ် ရှိကြောင်း ထုတ်ဖော် ပြောကြားထားကြပါတယ်။