စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာဟာ စပိန် တတိယတန်းကလပ် ရေဆင်းအသင်းရဲ့ လူငယ်ကြယ်ပွင့် ပက်ဘလို တော်ရီကို ခေါ်ယူဖို့ အသင်းနဲ့ရော ၊ ကစားသမားနဲ့ပါ သဘောတူညီမှု ရရှိခဲ့ကြောင်း ဥရောပ အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

အသက် ၁၈နှစ် အရွယ်သာ ရှိသေးတဲ့ စပိန် ကွင်းလယ်တိုက်စစ် ကစားသမား ပါဘလို တော်ရီဟာ ပင်ကိုယ် ဘောလုံးစွမ်းရည် ကောင်းမွန်တဲ့ ကစားသမား တဦး ဖြစ်သလို သူ့ရဲ့ အကြောက်အလန့် ကင်းမဲ့တဲ့ ကစားဟန်က ဘာစီလိုနာ ကင်းထောက်တွေကို သဘောကျစေခဲ့ပါတယ်။

Photo Credit: Marca

တော်ရီဟာ ယခုနှစ် ဘောလုံးရာသီမှာ ရေဆင်းအတွက် ပြိုင်ပွဲစုံမှာ ၂၃ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၆ဂိုး သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၇ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး ဆယ်ကျော်သက်အရွယ် ကစားသမား တဦး အတွက် ဒီစွမ်းဆောင်ရည်က အထင်ကြီး လေးစားစရာ ကောင်းပါတယ်။

ဒါကြောင့်ပဲ ဘာစီလိုနာက အခြား လာလီဂါကလပ်တွေ အနေနဲ့ တော်ရီကို မျက်စိမကျခင်မှာပဲ တော်ရီကို အမိအရ ခေါ်ယူဖို့ ကြိုးပမ်းခဲ့တာ ဖြစ်ပြီး ယနေ့မနက် အစောပိုင်းမှာတော့ တော်ရီအတွက် ရေဆင်းနဲ့ တရားဝင် သဘောတူညီမှု ရရှိခဲ့ကြောင်း သိရပါတယ်။

Photo Credit: Marca

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုကလည်း ဘာစီလိုနာအနေနဲ့ တော်ရီကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ကြောင်း အတည်ပြု ပေးထားပြီး ဘာစီလိုနာဟာ တော်ရီ အတွက် ကနဦး ပြောင်းရွှေ့ကြေး ယူရို ၅သန်း + အပိုဆုကြေး ယူရို ၁၅သန်း ပေးချေဖို့ သဘောတူထားသလို တော်ရီကိုလည်း ၅နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိဖို့ စီစဉ်ထားကာ တော်ရီရဲ့ စာချုပ်ဖျက်သိမ်းကြေးက ယူရို ၁၀၀သန်း ရှိကြောင်း ဆိုပါတယ်။