စပိန်လာလီဂါ အင်အားကြီးကလပ် ဘာစီလိုနာက ပရီးမီးယားလိဂ် လက်ရှိချန်ပီယံ မန်ချက်စတာ စီးတီးရဲ့ အဓိက ကွင်းလယ်လူ တဦး ဖြစ်သူ ဘာနာဒို ဆေးလ်ဗားကို ပြောင်းရွှေ့ကြေး ယူရို ၇၅သန်း ဝန်းကျင်နဲ့ ခေါ်ယူဖို့ ပဏာမအားဖြင့် သဘောတူညီမှု ရခဲ့ကြောင်း ဘာစီလိုနာနဲ့ နီးစပ်တဲ့ သတင်းထောက် ဂျာရတ် ရိုမဲရိုးက ဖော်ပြသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဘောလုံးရာသီတွေမှာ ဘဏ္ဍာရေး အကြပ်အတည်းတွေနဲ့ ကြုံတွေ့ခဲ့ရတာကြောင့် အသင်းကို လုံလောက်တဲ့ အင်အားဖြည့်တင်းမှုတွေ မလုပ်နိုင်ခဲ့တဲ့ ဘာစီလိုနာက ယခု နွေဈေးကွက် အတွင်းမှာ ဘဏ္ဍာရေး ပြဿနာကို ထိုက်သင့်သလောက် ဖြေရှင်းနိုင်ခဲ့တာကြောင့် အသင်းကို အင်အားဖြည့်တင်းမှုတွေ ပြန်လည် လုပ်ဆောင်ဖို့ စီစဉ်ထားပြီး ဘာနာဒို ဆေးလ်ဗား ၊ ဘိုင်ယန်မြူးနစ် တိုက်စစ်မှူး လီဝမ်ဒေါစကီးနဲ့ ဆီဗီးလား ခံစစ်မှူး ခွန်ဒေတို့ဟာ ဘာစီလိုနာရဲ့ အဓိက ပစ်မှတ် ကစားသမားတွေပဲ ဖြစ်ပါတယ်။

Photo Credit: Goal

ဘာစီလိုနာနည်းပြ ဖြစ်သူ ဇာဗီက အင်နီယေစတာ မရှိတော့တဲ့နောက် အားနည်းသွားတဲ့ အသင်းရဲ့ ကွင်းလယ်တိုက်စစ် နေရာအတွက် မန်ချက်စတာ စီးတီးမှာ ခြေစွမ်းကောင်းတွေ ပြသထားနိုင်တဲ့ ဘာနာဒို ဆေးလ်ဗားကို ခေါ်ယူဖို့ မျက်စိကျနေတာ ဖြစ်ပြီး ဘာနာဒို ဆေးလ်ဗားကလည်း ဘာစီလိုနာမှာ ကစားဖို့ ငယ်စဉ်ကတည်းက အိမ်မက် ရှိခဲ့တာကြောင့် ဘာစီလိုနာဆီ ပြောင်းဖို့ ခေါင်းညိတ်ထားပါတယ်။

ဘာစီလိုနာနဲ့ နီးစပ်တဲ့ နာမည်ကြီး သတင်းထောက် ဂျာရတ် ရိုမဲရိုးရဲ့ ဖော်ပြချက်အရ ဘာစီလိုနာက ယမန်နေ့ညမှာပဲ ဘာနာဒို ဆေးလ်ဗားကို ပြောင်းရွှေ့ကြေး ယူရို ၇၅သန်း ဝန်းကျင်နဲ့ ခေါ်ယူဖို့ မန်ချက်စတာ စီးတီးနဲ့ သဘောတူညီမှု ရခဲ့ပြီး အပြောင်းအရွှေ့ ဖြစ်ပေါ်လာဖို့ အတွက် ဘာစီလိုနာဘက်က အသင်းမှာ ရှိတဲ့ ကစားသမားတွေ အနက် တချို့ကို ရှင်းထုတ်ဖို့သာ လိုအပ်တော့ကြောင်း သိရပါတယ်။

Photo Credit: Goal

လက်ရှိမှာတော့ ဘာစီလိုနာက ဘာနာဒို ဆေးလ်ဗား အပါအဝင် ကစားသမားသစ်တွေကို ခေါ်ယူနိုင်ဖို့ အသင်းရဲ့ ရှိရင်းစွဲ ကစားသမားတွေ ဖြစ်တဲ့ ဒီဂျောင် ၊ အမ်တီတီ ၊ ဒီပိုင်း ၊ ဘရိတ်ဝိတ် ၊ ဆာဂျီနို ဒက်စ် စတဲ့ ကစားသမားတွေကို ရောင်းထုတ်ဖို့ ကြိုးပမ်းနေပါတယ်။