စပိန်လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာက လာမယ့် ဘောလုံးရာသီ အတွက် အားဖြည့်မှု တရပ် အဖြစ် ဘက်တစ်အသင်းရဲ့ အဓိက ကွင်းလယ်ခံစစ် ကစားသမား ဂွီဒို ရိုဒရီဂွက်ဇ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ အတွက် သဘောတူညီမှု ရရှိထားကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

အသက် ၃၀ အရွယ် အာဂျင်တီးနား လက်ရွေးစင် ကွင်းလယ်ခံစစ် ကစားသမား ရိုဒရီဂွက်ဇ်က ၂၀၂၀ခုနှစ်မှာ မက္ကဆီကိုအသင်း ကလပ် အမေရိက ကနေ ဘက်တစ်ဆီ ပြောင်းရွှေ့ကြေး ယူရို ၄သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူက ဘက်တစ်ဆီ ရောက်ရှိပြီးနောက် အသင်းရဲ့ အဓိက ကွင်းလယ်လူ အဖြစ် ခြေစွမ်းကောင်းတွေ ပြသထားနိုင်ပါတယ်။

Photo Credit: Marca

ဂွီဒို ရိုဒရီဂွက်ဇ်က ၄နှစ်တာ ကာလအတွင်းမှာ ၁၇၁ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၉ဂိုး အထိ သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၄ကြိမ် ရရှိထားပြီး သူက ၂၀၂၁-၂၀၂၂ ဘောလုံးရာသီမှာ ဘက်တစ်နဲ့အတူ စပိန် ကိုပါဒယ်ရေးဖလားကို ဆွတ်ခူး ရယူနိုင်ခဲ့ပါတယ်။

ရိုဒရီဂွက်ဇ်က ခြေစွမ်းကောင်းတွေ တောက်လျှောက် ပြသထားနိုင်တာကြောင့် ဘက်တစ်က သူ့ကို စာချုပ်သစ် ချုပ်ဆိုဖို့ ကြိုးစားခဲ့ပေမယ့် ရိုဒရီဂွက်ဇ်ကတော့ ဘာစီလိုနာ အပါအဝင် ဥရောပ ထိပ်သီးအသင်းတွေရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့တာကြောင့် ဘက်တစ်နဲ့ စာချုပ်သစ် မချုပ်တော့ပဲ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ အသင်းပြောင်းဖို့သာ ဆုံးဖြတ်ခဲ့ပါတယ်။

Photo Credit: Tribuna

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ဘာစီလိုနာက ဂွီဒို ရိုဒရီဂွက်ဇ်ကို ခေါ်ယူဖို့ အတွက် ပြီးခဲ့တဲ့ ၂ပတ်ထဲက သဘောတူညီမှု ရရှိထားတာ ဖြစ်ပြီး ဘာစီလိုနာက သူတို့ရဲ့ ဘဏ္ဍာရေး အခြေအနေဟာ FFPစည်းမျဉ်းနဲ့ ကိုက်ညီ ၊ မညီ အစစ်ဆေးခံပြီးတာနဲ့ ရိုဒရီဂွက်ဇ်ကို တရားဝင် စာချုပ် ချုပ်ဆိုမယ်လို့ သိရှိရပါတယ်။

ဘာစီလိုနာနည်းပြချုပ် ဇာဗီ ကိုယ်တိုင်က ရိုဒရီဂွက်ဇ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူမယ့် အစီအစဉ်အား သဘောတူပေးခဲ့တာ ဖြစ်ပြီး ဘာစီလိုနာက ရိုဒရီဂွက်ဇ်ကို ၂၀၂၇ခုနှစ် သက်တမ်း ရှိမယ့် စာချုပ်တရပ် ချုပ်ဆိုဖို့ သဘောတူညီမှု ရရှိခဲ့တာ ဖြစ်ကြောင်းလည်း ရိုမာနိုက ဆိုထားပါသေးတယ်။