စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာဟာ ပရီးမီးယားလိဂ်ကလပ် လိဒ်ယူနိုက်တက်ရဲ့ ဘရာဇီးလ် လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား ရာဖင်ညာကို ခေါ်ယူဖို့ အတွက် ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရယူနိုင်ခဲ့ကြောင်း ဥရောပ အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

ဘာစီလိုနာဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ အသင်းရဲ့ တောင်ပံတိုက်စစ် ကစားသမား ဒမ်ဘီလီကို လက်လွှတ်ရဖို့ ရှိနေသလို အခြား တောင်ပံတိုက်စစ် ကစားသမား တဦး ဖြစ်တဲ့ ဒီပိုင်းကိုလည်း အသင်းကနေ ရောင်းထုတ်ဖို့ စီစဉ်နေတာကြောင့် သူတို့နှစ်ဦးရဲ့ ကွက်လပ်ကို ဖြည့်ဖို့ လိဒ်ယူနိုက်တက်နဲ့အတူ တောက်ပနေတဲ့ ရာဖင်ညာကို ခေါ်ယူဖို့ စီစဉ်နေတာပဲ ဖြစ်ပါတယ်။

Photo Credit: Standard

အသက် ၂၅နှစ် အရွယ် ဘရာဇီးလ် လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား ရာဖင်ညာဟာ ရန်းနက်စ်ကနေ လိဒ်ယူနိုက်တက်ထံ ပြောင်းရွှေ့လာပြီးနောက် အသင်းရဲ့ အဓိက ကစားသမား အဖြစ် ခြေစွမ်းပြနေသလို ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး တောင်ပံတိုက်စစ် ကစားသမားတွေထဲက တဦး အဖြစ်လည်း ပရိသတ်တွေရဲ့ အသိအမှတ်ပြုခြင်းကို ခံထားရသူပါ။

ဒါကြောင့်ပဲ ဘာစီလိုနာက ရာဖင်ညာကို အခြား ဥရောပအသင်းကြီးတွေထက် လက်ဦးမှု ရယူကာ ခေါ်ယူဖို့ ကြိုးပမ်းနေတာ ဖြစ်ပြီး ရာဖင်ညာကလည်း ဘာစီလိုနာဆီ ပြောင်းရွှေ့ ကစားကာ သူ့ရဲ့ အရည်အသွေးကို သက်သေပြချင်နေကြောင်း လိဒ်ယူနိုက်တက်နဲ့ နီးစပ်သူတွေက အတည်ပြုထားပါတယ်။

Photo Credit: Standard

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Dairo Sports သတင်းဌာနရဲ့ ဖော်ပြချက်အရ ဘာစီလိုနာရဲ့ ဥက္ကဌ လာပေါ်တာဟာ သူနဲ့ ရာဖင်ညာရဲ့ အေးဂျင့်ဖြစ်သူ ဒေကိုတို့ကြားမှာ ဆက်ဆံရေးကောင်း ရှိနေတာကို အသုံးပြုပြီး ရာဖင်ညာကို ခေါ်ယူဖို့ ကြိုးစားခဲ့ကာ ရာဖင်ညာကို ၅နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုဖို့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရခဲ့ကြောင်း သိရပါတယ်။