လာလီဂါ ထိပ်သီး အသင်း တစ်သင်း ဖြစ်တဲ့ ဘာစီလိုနာ အသင်းဟာ နယ်သာလန် ထိပ်သီး ကလပ် အေဂျက်အသင်းရဲ့ လူငယ် ညာနောက်ခံလူ ဆာဂျီနို ဒက်စ် ကို ခေါ်ယူဖို့ အတွက် အပြီးသတ် သဘောတူညီမှု ရရှိခဲ့ပြီ လို့ ဥရောပ အခြေစိုက် သတင်းမီဒီယာတွေက ဖော်ပြ သွားကြပါတယ်။ ဘာစီလိုနာ အသင်းဟာ အသင်းရဲ့ ပေါ်တူဂီ ညာနောက်ခံလူ ဖြစ်တဲ့ ဆီမီဒိုကို ပရီးမီးယားလိဂ် ကလပ် ဝုဗ်အသင်းထံ ရောင်းချ အပြီးမှာ ညာနောက်ခံလူ တစ်ဦး လိုအပ်နေတာ ဖြစ်ပြီး ဆာဂျီနို ဒက်စ် ကို ခေါ်ယူနိုင်ဖို့ ဂျာမန် အင်အားကြီး အသင်း ဖြစ်တဲ့ ဘိုင်ယန်မြူးနစ် အသင်းကို ကျော်ဖြတ် ခဲ့ရပါတယ်။

Photo Credit: Goal

ဆာဂျီနို ဒက်စ်ဟာ အသက် ၁၉ နှစ် အရွယ်သာ ရှိသေးပေမယ့် ဥရောပ ဘောလုံး သုတေသီတွေရဲ့ သဘောကျ နှစ်သက်မှုကို ခံထားရသူ ဖြစ်ပြီး သူ့ရဲ့ ဘောလုံး ကစားပုံဟာ ဘာစီလိုနာ အသင်းရဲ့ ညာနောက်ခံလူဟောင်း အဲဗက်နဲ့ ဆင်တူတယ် လို့ သိရပါတယ်။ ကနဦးမှာတော့ ဆာဂျီနို ဒက်စ်ကို ခေါ်ယူဖို့ ရေပန်းစားခဲ့တဲ့ အသင်းဟာ ဘိုင်ယန်မြူးနစ် အသင်း ဖြစ်ခဲ့ပြီး ဘိုင်ယန်မြူးနစ် အသင်းဟာ ဆာဂျီနို ဒက်စ်ကို ခေါ်ယူဖို့ အေဂျက် အသင်းနဲ့ သဘောတူညီမှု ရခဲ့ပေမယ့် ဆာဂျီနိုနဲ့တော့ ပုဂ္ဂိုလ်ရေး အရ သဘောတူညီမှု မရခဲ့ပါဘူး။ ဘာစီလိုနာ အသင်းကတော့ အသင်းရဲ့ နည်းပြသစ် ကိုးမန်းရဲ့ ကြိုးစား အားထုတ်မှုကြောင့် ဆာဂျီနိုနဲ့ ပုဂ္ဂိုလ်ရေးအရ သဘော တူညီမှု ဦးစွာ ရရှိခဲ့တယ် လို့ နယ်သာလန် အခြေစိုက် သတင်းဌာနတွေရဲ့ ဖော်ပြချက် အရ သိရှိ ရပါတယ်။

Photo Credit: Goal

နာမည်ကြီး သတင်းထောက် တစ်ဦး ဖြစ်သူ Fabrizio Romano ရဲ့ ဖော်ပြချက် အရ ဘာစီလိုနာ အသင်းဟာ ဆာဂျီနို ဒက်စ်ကို ၂၀၂၅ ခုနှစ် အထိ သက်တမ်း ရှိတဲ့ စာချုပ်တစ်ရပ် ချုပ်ဆို သွားမှာ ဖြစ်ကာ ဆာဂျီနို ဟာ ယနေ့ ဒါမှမဟုတ် မနက်ဖြန်မှာပဲ ဘာစီလိုနာမြို့ကို လာရောက်ကာ ဆေးစစ်မှု လုပ်ဆောင်တော့မှာ ဖြစ်ကြောင်း သိရပါတယ်။ ဒါ့အပြင် ဘာစီလိုနာ အသင်းဟာ ဆာဂျီနို ဒက်စ် အတွက် အေဂျက် အသင်းကို စုစုပေါင်း ပြောင်းရွှေ့ကြေး ယူရို ၂၃ သန်းခန့် ပေးချေရမှာ ဖြစ်ကြောင်းလည်း Romano က ဆိုပါတယ်။ ဆာဂျီနို ဒက်စ်ဟာ ဘာစီလိုနာ အသင်းမှာတော့ ဆာဂျီယို ရော်ဘတ်တိုနဲ့ နေရာ ယှဉ်လုရမှာပဲ ဖြစ်ပါတယ်။