စပိန်အင်အားကြီး အသင်း ဖြစ်တဲ့ ဘာစီလိုနာအသင်းဟာ ယခုနှစ် နွေရာသီ အပြောင်းအရွှေ့ မှာ သူတို့အသင်းရဲ့ ပထမဦးဆုံး ကစားသမား ခေါ်ယူမှုအဖြစ် လိုင်ယွန်အသင်းရဲ့ နယ်သာလန် တောင်ပံ တိုက်စစ် ကစားသမား မန်ဖစ် ဒီပိုင်းကို ခေါ်ယူနိုင်တော့မယ် လို့ သိရှိရပါတယ်။ ဘာစီလိုနာအသင်းဟာ နယ်သာလန်အသင်းရဲ့ နည်းပြ ဖြစ်သူ ရော်နယ်ကိုးမန်းကို သူတို့အသင်းရဲ့ နည်းပြသစ် အဖြစ် ခန့်အပ်အပြီးမှာ အသင်းကို နယ်သာလန် အခြေစိုက် ကစားသမားတွေနဲ့ ဖွဲ့စည်းဖို့ ကြိုးစားနေပြီး လီဗာပူး ကွင်းလယ်လူ ဝစ်နယ်ဒန် ၊ လိုင်ယွန် တောင်ပံတိုက်စစ် ကစားသမား ဒီပိုင်းနဲ့ အင်တာမီလန် တိုက်စစ်မှူး မာတီနက်စ်တို့ကို ခေါ်ယူဖို့ လုပ်ဆောင်နေရာမှာ ဒီပိုင်းဟာ ပထမဦးဆုံး ရောက်ရှိလာတဲ့ ကစားသမားပဲ ဖြစ်ပါတယ်။

Photo Credit: Metro

အသက် ၂၆နှစ်အရွယ် ရှိပြီ ဖြစ်တဲ့ နယ်သာလန် တောင်ပံ တိုက်စစ် ကစားသမား ဒီပိုင်းဟာ အင်္ဂလန် နာမည်ကြီးအသင်း တစ်သင်း ဖြစ်တဲ့ မန်ယူအသင်းမှာလည်း ကစားခဲ့ဖူးသူ ဖြစ်ကာ လက်ရှိမှာတော့ ပြင်သစ် အင်အားကြီး အသင်း ဖြစ်တဲ့ လိုင်ယွန်အသင်းရဲ့ အဓိက တိုက်စစ်မှူး အဖြစ် သတ်မှတ်ခံထားရသူပါ။ ဒီပိုင်းဟာ လိုင်ယွန်အသင်းမှာ အဓိက ကစားသမား တစ်ဦး ဖြစ်နေပေမယ့် လိုင်ယွန်အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းဟာ တစ်နှစ်သာ ကျန်ရှိတော့သလို သူ့အနေနဲ့လည်း လိုင်ယွန်အသင်းကနေ ထွက်ခွာကာ ထိပ်တန်း အသင်းကြီး တစ်သင်းကို ပြောင်းရွှေ့ လိုတာကြောင့် ဆရာဟောင်း ကိုးမန်းရှိရာ ဘာစီလိုနာအသင်းထံ ပြောင်းရွှေ့ဖို့အတွက် ပြီးခဲ့တဲ့ သီတင်းပတ်ထဲက ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိထားခဲ့ပါတယ်။

Photo Credit: Metro

နာမည်ကြီး သတင်းထောက် တစ်ဦး ဖြစ်တဲ့ Fabrizio Romano ရဲ့ အဆိုအရတော့ ယနေ့မနက် အစောပိုင်းမှာ ဘာစီလိုနာအသင်းဟာ ဒီပိုင်းအတွက် လိုင်ယွန်အသင်းဆီကို တရားဝင် ကမ်းလှမ်းမှုတစ်ခု ပြုလုပ်ခဲ့ပြီး လိုင်ယွန်အသင်းဘက်က အဆိုပါ ကမ်းလှမ်းမှုကို တစ်ခါထဲ လက်ခံခဲ့ကြောင်း သိရပါတယ်။ ဘာစီလိုနာ အသင်းဟာ ဒီပိုင်းအတွက် လိုင်ယွန်အသင်းကို စုစုပေါင်း ယူရို ၃၀ သန်း တန်ကြေးရှိတဲ့ ကမ်းလှမ်းမှုနဲ့ ကမ်းလှမ်းခဲ့တာ ဖြစ်ပြီး ဒီပိုင်းဟာ မကြာခင်မှာပဲ ဘာစီလိုနာမြို့ကို ထွက်ခွာကာ ဆေးစစ်မှု ခံယူတော့မယ်လို့လည်း Romano က ဖော်ပြထားခဲ့ပါတယ်။ ကတ်တလန်တာဒေသ အခြေစိုက် သတင်းဌာနတွေကလည်း အဆိုပါ သတင်းအပေါ် အတည်ပြုပေးထားပြီး ဒီပိုင်းဟာ ဘာစီလိုနာအသင်းကို မကြာမီမှာ ရောက်ရှိလာလိမ့်မယ် လို့ ဆိုထားကြပါတယ်။