MySport Myanmar

ပီယာနစ်ကို UAEကလပ် ရှာဂျက်ဆီ ရောင်းချဖို့ သဘောတူလိုက်တဲ့ ဘာစီလိုနာ

စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာက သူတို့အသင်းရဲ့ ကွင်းလယ်လူ တဦး ဖြစ်သူ ပီယာနစ်ကို ယူအေအီးကလပ် ရှာဂျက်ဆီ ရောင်းချဖို့ သဘောတူလိုက်ကြောင်း နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက ဖော်ပြသွားခဲ့ပါတယ်။

အသက် ၃၂နှစ် အရွယ် ဘော့စနီးယား ကွင်းလယ်ကြယ်ပွင့် ပီယာနစ်ဟာ တချိန်က ကမ္ဘာ့အကောင်းဆုံး ဗဟိုကွင်းလယ်လူတွေထဲက တဦး အဖြစ် သတ်မှတ်ခံခဲ့ရသူ ဖြစ်ပေမယ့် လက်ရှိမှာတော့ ဒဏ်ရာပြဿနာတွေကြောင့် ပုံမှန် ခြေစွမ်းကောင်း တရပ် ပြသနိုင်ဖို့ ရုန်းကန်နေရသူပါ။

Photo Credit: The Sun

ဒါကြောင့်ပဲ ဘာစီလိုနာက သူတို့အသင်းနဲ့ စာချုပ်သက်တမ်း ၂နှစ် အထိ ကျန်နေသေးတဲ့ ပီယာနစ် အတွက် သင့်တော်တဲ့ ကမ်းလှမ်းမှု တရပ် ရလာရင် ပီယာနစ်ကို ရောင်းချဖို့ ဆုံးဖြတ်ထားပြီး ပီယာနစ်ကလည်း သူ့အတွက် သင့်တော်တဲ့ အသင်းတသင်းရဲ့ ကမ်းလှမ်းမှုကို ရလာရင် အသင်းကနေ ထွက်ခွာချင်နေသူပါ။

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ပီယာနစ်က ရှာဂျက်ရဲ့ လုပ်ခလစာမြင့် ကမ်းလှမ်းမှုကို လက်ခံထားသလို ဘာစီလိုနာကလည်း ပီယာနစ်ကို ရှာဂျက်ထံ ပြောင်းရွှေ့ကြေး ယူရို ၃.၅သန်း ဝန်းကျင်နဲ့ ရောင်းချဖို့ သဘောတူလိုက်ကြောင်း သိရပါတယ်။

Photo Credit: The Sun

ဘာစီလိုနာရဲ့ နည်းပြဖြစ်သူ ဇာဗီကလည်း ယနေ့ညနေပိုင်းမှာပဲ ပီယာနစ်ဟာ အသင်းကနေ ထွက်ခွာတော့မယ့် အကြောင်းကို အတည်ပြု ပြောကြားသွားခဲ့ပါတယ်။ ဇာဗီက – “ပီယာနစ်က သူ့ရဲ့ အခွင့်အလမ်းတွေ အတွက် အသင်းကနေ ထွက်ဖို့ ဆုံးဖြတ်ပြီးပါပြီ။ သူက အရမ်းကို ပရော်ဖက်ရှင်နယ် ဆန်တဲ့ ကစားသမားပါ။ ဒါကြောင့် သူသာ ဒီမှာ ဆက်နေရင် သူက အခွင့်အရေးတွေ ရမှာ အသေအချာပါပဲ။ ဒါပေမယ့် လူတိုင်းက ကိုယ့်ရဲ့ လမ်းကြောင်း အတွက် ကိုယ်တိုင်ပဲ ဆုံးဖြတ်ချက် ချရတာပါ” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။

Exit mobile version