ဘာစီလိုနာအသင်းရဲ့နည်းပြသစ်ဖြစ်သူ ရော်နယ်ကိုးမန်းကတော့ သူရဲ့အသင်းသစ်အတွက် ကစားသမားအင်အားဖြည့်တင်းမှုများစွာကို လုပ်ဆောင်သွားဖို့ စတင်ပြင်ဆင်လျက်ရှိနေရာ သူခေါ်ယူသွားမယ့် ကစားသမားတွေထဲမှာ သူနဲ့ နယ်သာလန်လက်ရွေးစင်အသင်းမှာ တွဲဖက်ကစားခဲ့ဖူးသူတွေ အများအပြား ပါဝင်လို့နေပြီး လတ်တလောမှာတော့ နယ်သာလန်ကစားသမားတွေဖြစ်တဲ့ လီဗာပူးလ်ကွင်းလယ်လူ ဝိုင်နယ်ဒန်နဲ့ လိုင်ယွန်တိုက်စစ်ကစားသမား မန်ဖစ်ဒီပိုင်းတို့ကို ခေါ်ယူသွားဖို့ အတော်လေးကို အခြေအနေကောင်းနေတယ်လို့ သိရှိရပါတယ်။

Photo Credit : AD

လက်ရှိမှာ ဘာစီလိုနာအသင်းဟာ အသင်းရဲ့ဝါရင့်ဥရုဂွေးတိုက်စစ်ကစားသမားကြီး လူးဝစ်ဆွာရက်ဇ်နဲ့ လမ်းခွဲသွားဖို့ နီးစပ်နေပြီဖြစ်တာကြောင့် တိုက်စစ်ပိုင်းကို ပြန်လည်အစားထိုး ဖြည့်တင်းဖို့အတွက် မန်ချက်စတာယူနိုက်တက်အသင်းရဲ့ကစားသမားဟောင်းဒီပိုင်းကို ခေါ်ယူချင်နေတာဖြစ်ပါတယ်။ အသက်(၂၆)နှစ်အရွှယ်ရှိ နယ်သာလန်လက်ရွေးစင် တိုက်စစ်ကစားသမား ဒီပိုင်းဟာ ယူနိုက်တက်အသင်းမှာ ခြေစွမ်းကောင်းတွေပြသဖို့ ရုန်းကန်ခဲ့ရပြီးနောက် လိုင်ယွန်အသင်းကို ရောင်းချခံလိုက်ရချိန်မှာ သူရဲ့ခြေစွမ်းကောင်းတွေကို ပြန်လည်ပိုင်ဆိုင်ခဲ့ပြီး လိုင်ယွန်ကိုလည်း ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းက ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အဆင့်ထိကို ပို့ဆောင်ထားနိုင်သူဖြစ်ပါတယ်။

Photo Credit : AD

ဒီလို စွမ်းဆောင်ရည်ကောင်းတွေ ပြန်လည်ပိုင်ဆိုင်နေတဲ့ ဒီပိုင်းကို ရော်နယ်ကိုးမန်းက သူရဲ့ဘာစီလိုနာအသင်းဆီ လာရောက်ပူးပေါင်းစေချင်နေပြီး နယ်သာလန်သတင်းစာတစ်စောင်ရဲ့ဖော်ပြချက်အရ ဘာစီလိုနာနဲ့ ဒီပိုင်းတို့ကြားမှာ သဘောတူညီမှုပါ ရရှိနေပြီလို့ သိရှိရပါတယ်။ ဒီပိုင်းဟာ လက်ရှိမှာ သူရဲ့လိုင်ယွန်အသင်းနဲ့အတူ စာချုပ်သက်တမ်း တစ်နှစ်တည်းသာ ကျန်ရှိနေတော့ဖြစ်ပြီး စာချုပ်သစ်ချုပ်ဆိုဖို့ကလည်း အဆင်မပြေသေးတာကြောင့် အလွတ်ပြောင်းရွှေ့ကြေးနဲ့ မဆုံးရှံးရဖို့အတွက် ဒီနှစ်နွေစျေးကွက်မှာပဲ အပြီးသတ်ရောင်းချရဖွယ် ရှိနေပါတယ်။ ဒီပိုင်းဟာ တောင်ပံတိုက်စစ်နေရာမှာ အဓိက ကစားတတ်သူဖြစ်ပေမယ့်လည်း ကွင်းလယ်ဖန်တီးရှင်နေရာမှာရော နောက်ချန်တိုက်စစ်နေရာမှာပါ ကစားတတ်သေးပြီး အသင်းကနေ ထွက်ခွာတော့မယ့် ဆွာရက်ဇ်လိုလည်း အထောင်တိုက်စစ်နေရာမှာပါ ကစားနိုင်သူဖြစ်ပါတယ်။ ဒါကြောင့် ကိုးမန်းက ဆွာရက်ဇ်ရဲ့နေရာအတွက် ဒီပိုင်းကို အလိုရှိနေတာဖြစ်သလို ဆီဗီလာကို ပြန်လည်ပြောင်းရွှေ့သွားတဲ့ ရာကီတစ်နဲ့ စီးရီးအေကို ပြန်သွားဖွယ်ရှိနေတဲ့ ဗီဒယ်တို့ရဲ့နေရာအတွက်လည်း ဝိုင်နယ်ဒန်ကို ခေါ်ယူချင်နေတာဖြစ်ပါတယ်။