စပိန်အင်အားကြီး အသင်းဖြစ်တဲ့ ဘာစီလိုနာ အသင်းဟာ သူတို့အသင်းရဲ့ ထိပ်တန်းပစ်မှတ် ကစားသမား ဖြစ်တဲ့ အင်တာမီလန်အသင်းရဲ့ တိုက်စစ်မှူး မာတီနက်စ်ကို ခေါ်ယူဖို့အတွက် သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်ကြောင်း သိရှိခဲ့ရပါတယ်။ စပိန်အခြေစိုက် ရေဒီယိုသတင်းဌာန တစ်ခုဖြစ်တဲ့ Cadena SER က အဆိုပါသတင်း ကို ဖော်ပြသွားခဲ့တာ ဖြစ်ပြီး Cadena SER ဟာ ဘာစီလိုနာအသင်းနဲ့ ပတ်သတ်တဲ့ သတင်းတွေကို ဖော်ပြရာမှာ မှန်ကန်မှု ရှိတာကြောင့် ဘာစီလိုနာအသင်းနဲ့ အင်တာမီလန်အသင်းတို့ရဲ့ ကြားမှာ မာတီနက်စ်ရဲ့ အပြောင်းအရွှေ့ အတွက် သဘောတူညီမှု ရခဲ့တာဟာ ဖြစ်နိုင်ကြောင်း ဥရောပ အပြောင်းအရွှေ့ ကျွမ်းကျင်သူတွေက သုံးသပ်သွားခဲ့ပါတယ်။

Photo Credit: AS English

အသက်၂၂နှစ် အရွယ်သာ ရှိတဲ့ မာတီနက်စ် ဟာ ယခုနှစ် ဘောလုံးရာသီမှာ အင်တာမီလန် အသင်းနဲ့အတူ ခြေစွမ်းပြ ကစားထားနိုင်တဲ့ တိုက်စစ်မှူး တစ်ဦးဖြစ်ပြီး စီးရီးအေပွဲ ၂၉ပွဲ ပါဝင် ကစားထားရာမှာ ၁၃ဂိုး သွင်းယူထားကာ ၃ဂိုး အထိ ဖန်တီးပေးထားနိုင်ခဲ့သူပါ။ Cadena SER ရေဒီယိုသတင်းဌာနရဲ့ ဖော်ပြချက်အရ ဘာစီလိုနာအသင်းဟာ မာတီနက်စ်ကို ခေါ်ယူဖို့ အတွက် ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရယူထားနိုင်ခဲ့သလို လက်ရှိမှာလည်း မာတီနက်စ်ကို ခေါ်ယူနိုင်ခွင့် ရဖို့အတွက် အင်တာမီလန် အသင်းနဲ့ သူတို့အသင်းတို့ရဲ့ ကြားမှာ သဘောတူညီမှု တစ်ခု ရရှိခဲ့ကြောင်း သိရကာ သဘောတူညီမှုအရ ဘာစီလိုနာအသင်းဟာ မာတီနက်စ် အတွက် ပြောင်းရွှေ့ကြေး ယူရို ၇၀သန်း + ဘယ်နောက်ခံလူ ဖာပိုတို့ကို ပေးရမယ်လို့ သိရပါတယ်။

Photo Credit: AS English

ဘာစီလိုနာအသင်းနဲ့ နီးစပ်တဲ့ သတင်းသမားတွေရဲ့ ဖွင့်ဟ ပြောဆိုချက် အရတော့ အသက် ၂၃နှစ်အရွယ် ဘယ်နောက်ခံလူ ဖာပိုဟာလည်း ဘာစီလိုနာအသင်းကနေ အင်တာမီလန်အသင်း ထံကို ပြောင်းရွှေ့ဖို့အတွက် သဘောတူခဲ့တာကြောင့် မကြာမီမှာပဲ ဘာစီလိုနာအသင်းနဲ့ မာတီနက်စ်ရဲ့ အပြောင်းအရွှေ့ဟာ တရားဝင် ဖြစ်ပေါ်လာတို့မှာပါ။ သို့ပေမယ့် ဘာစီလိုနာ အသင်းဟာ မာတီနက်စ်ကို ခေါ်ယူရာမှာ ပေးချေရမယ့် ပြောင်းရွှေ့ကြေး ယူရို ၇၀သန်း ရရှိဖို့ အတွက် အသင်းရဲ့ ကစားသမားတွေ ဖြစ်တဲ့ အမ်တီတီ ၊ ကော်တင်ဟို စတဲ့ ကစားသမားတွေကို ရှေးဦးစွာ ရောင်းချရဦးမှာ ဖြစ်ကြောင်း သိရပြီး အမ်တီတီကို ခေါ်ယူဖို့အတွက် နာပိုလီ ၊ လာဇီယို ၊ ရိုးမား စတဲ့ အသင်းတွေက ကြိုးစားနေကြပြီး ကော်တင်ဟိုကို ခေါ်ယူဖို့အတွက် အာဆင်နယ်နဲ့ နယူးကာဆယ်အသင်းတို့က ကြိုးစားနေကြပါတယ်။