စပိန်အခြေစိုက် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာအသင်းဟာ ကုန်ဆုံးသွားတဲ့ နွေရာသီ အပြောင်းအရွှေ့မှာ ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် အချိန်မမီတော့တာကြောင့် မခေါ်ယူဖြစ်ခဲ့တဲ့ ရက်ဘူးလ် လိုက်ပ်ဇက်အသင်းရဲ့ ကွင်းလယ်လူ အိုလ်မိုကို လာမယ့် ဇန်နဝါရီလ အပြောင်းအရွှေ့မှာ ခေါ်ယူဖို့ ထပ်မံ ကြိုးစားသွားမယ်လို့ သိရပါတယ်။

ဘာစီလိုနာအသင်းဟာ နွေရာသီ အပြောင်းအရွှေ့ရဲ့ နောက်ဆုံးနေ့ရက်မှာ အသင်းရဲ့ ကစားသမားဟောင်း ဖြစ်သူ အိုလ်မိုကို ခေါ်ယူဖို့ အပြင်းအထန် ကြိုးစား အားထုတ်ခဲ့ပြီး ယူရို ၇၀သန်းတန် ကမ်းလှမ်းမှု တခုကို ပြုလုပ်ခဲ့သလို အိုလ်မိုနဲ့လည်း ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိခဲ့ပါသေးတယ်။

Photo Credit: Marca

ဒါပေမယ့် လိုက်ပ်ဇက်အသင်း ကတော့ အိုလ်မိုရဲ့နေရာမှာ အစားထိုးနိုင်မယ့် ကစားသမား တဦးကို ရှာဖွေဖို့ မလွယ်ကူတော့တာကြောင့် အိုလ်မိုကို အသင်းမှာပဲ ဆက်လက် ထိန်းသိမ်းထားဖို့ ဆုံးဖြတ်ခဲ့ပြီး ဘာစီလိုနာရဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့ပါတယ်။

အသက် ၂၃နှစ် အရွယ် စပိန်လက်ရွေးစင် ကွင်းလယ်လူ အိုလ်မိုဟာ လက်ရှိ စပိန်လက်ရွေးစင်အသင်းရဲ့ အကောင်းဆုံး ကစားသမားတွေထဲက တဦး ဖြစ်သလို ပြီးခဲ့တဲ့ ယူရို၂၀၂၀ပြိုင်ပွဲမှာလည်း စပိန်အသင်း အတွက် ၅ပွဲ ပါဝင် ကစားပေးခဲ့ရာ ဂိုးဖန်တီးမှု ၃ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့သူပါ။

Photo Credit: Marca

ဒါကြောင့်လည်း ဘာစီလိုနာအသင်းဟာ အိုလ်မိုကို အသင်းရဲ့ အနာဂတ်အဖြစ် ရှုမြင်နေတာ ဖြစ်ပြီး နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Mundo Deportivoရဲ့ ဖော်ပြချက်အရ ဘာစီလိုနာအသင်းဟာ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ အိုလ်မိုကို ခေါ်ယူဖို့ အတွက် ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရယူနိုင်ခဲ့ပြီး အိုလ်မိုဟာ ဘာစီလိုနာအသင်းနဲ့ ၅နှစ် သက်တမ်း ရှိတဲ့ စာချုပ်ကို ချုပ်ဆိုဖို့ သဘောတူထားကြောင်း သိရပါတယ်။