စပိန် အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ ဘာစီလိုနာ အသင်းဟာ သူတို့အသင်းရဲ့ ပြင်သစ် တောင်ပံ ကစားသမား ဖြစ်တဲ့ ဒမ်ဘီလီကို ပရီးမီးယားလိဂ် နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းထံ အလွတ် ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်ရမှာကို စိုးရိမ်နေကြောင်း စပိန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြ သွားကြပါတယ်။ အသက် ၂၃နှစ် အရွယ်သာ ရှိသေးတဲ့ ပြင်သစ် တောင်ပံ ကစားသမား ဒမ်ဘီလီဟာ ဘာစီလိုနာ အသင်းထံကို ၂၀၁၇ခုနှစ်ထဲက ရောက်ရှိနေသူ ဖြစ်ပြီး အသင်းနဲ့ ၅နှစ်သက်တမ်း ရှိတဲ့ စာချုပ်တစ်ရပ် ချုပ်ဆိုခဲ့ပေမယ့် သူနဲ့ ဘာစီလိုနာ အသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ လာမယ့် ဘောလုံးရာသီ အကုန်မှာ ကုန်ဆုံးတော့မှာပဲ ဖြစ်ပါတယ်။

Photo Credit: Express

ဘာစီလိုနာ အသင်းဟာ ဒမ်ဘီလီကို ခေါ်ယူစဉ်မှာ ပြောင်းရွှေ့ကြေး ယူရို ၁၃၀သန်း အထိ ပေးချေခဲ့ ရသလို ပြီးခဲ့တဲ့ ရက်ပိုင်းတွေမှာ ထွက်ပေါ်ခဲ့တဲ့ သတင်းတွေ အရ ဒမ်ဘီလီရဲ့ ပွဲထွက်ခွင့်နဲ့ ဆက်စပ်ပြီး ဒေါ့မွန်အသင်းအား အပိုဆုကြေးတွေ ပေးချေ နေရတာကြောင့် ဒမ်ဘီလီ အတွက် ဘာစီလိုနာ အသင်း ကုန်ကျခဲ့တဲ့ ငွေကြေးဟာ စုစုပေါင်း ယူရို ၁၄၀သန်း အထိ ရှိလာကြောင်း သိရပါတယ်။ ဘာစီလိုနာ အသင်းဟာ ဒမ်ဘီလီကို ယူရို ၁၄၀သန်းခန့် အသုံးပြုကာ ခေါ်ယူခဲ့ပေမယ့် ဒမ်ဘီလီဟာ ဘာစီလိုနာ အသင်းကို လောက်လောက်လားလား အကျိုးပြုနိုင်ခြင်း မရှိသလို အသင်းထံ ရောက်ရှိခဲ့တဲ့ ၄ရာသီ အတွင်း စုစုပေါင်း ပြိုင်ပွဲစုံမှာ ၈၈ပွဲသာ ပါဝင် ကစားပေးနိုင်ခဲ့သလို ၂၂ဂိုးသာ သွင်းယူ ပေးထားနိုင်ကာ ၁၄ဂိုးသာ ဖန််တီး ထားနိုင်ပါတယ်။ ဒါ့ကြောင့်ပဲ ဘာစီလိုနာ အသင်းအနေနဲ့ ယူရို ၁၄၀သန်း နီးပါး အထိ ပေးကာ ခေါ်ယူထားတဲ့ ကစားသမားဆီ ကနေ ဒီထက်ပိုတဲ့ စွမ်းဆောင်ရည်တွေကို လိုချင် နေပါတယ်။

Photo Credit: Express

ဒါပေမယ့် ဒမ်ဘီလီရဲ့ စာချုပ်သက်တမ်း တဖြည်းဖြည်း လျော့နည်း လာတာဟာ ဘာစီလိုနာ အသင်း အတွက် စိုးရိမ်စရာ ကောင်းတဲ့ အခြေအနေ တစ်ခု ဖြစ်နေပြီး ဘာစီလိုနာ အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ အတွင်းမှာ ဒမ်ဘီလီကို စာချုပ်သစ် ချုပ်ဆိုဖို့ ကမ်းလှမ်းခဲ့ပေမယ့် ဒမ်ဘီလီကတော့ အဆိုပါ စာချုပ်သစ်ကို ပယ်ချခဲ့ပါတယ်။ ဒါ့အပြင် ဒမ်ဘီလီဟာ ပရီးမီးယားလိဂ် နာမည်ကြီး အသင်းဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်း ၊ အီတလီ စီးရီးအေ အင်အားကြီး အသင်းဖြစ်တဲ့ ဂျူဗင်တပ်အသင်း တို့နဲ့ အဆက်အသွယ် ရှိနေပြီး အဆိုပါ နှစ်သင်းအနက် ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ အတွင်းမှာ သူ့ကို ခေါ်ယူဖို့ ချဉ်းကပ်ခဲ့ဖူးတဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းထံ ပြောင်းရွှေ့ဖို့ ဒမ်ဘီလီဟာ ပိုမို စိတ်အား ထက်သန်နေကြောင်း အီတလီ အခြေစိုက် သတင်းဌာနတွေက ဖော်ပြခဲ့ပါတယ်။

Photo Credit: Express

နာမည်ကြီး ကတ်တလန်တာ အခြေစိုက် သတင်းဌာနတွေ ကတော့ ဘာစီလိုနာ အသင်းဟာ ဒမ်ဘီလီကို အခြားအသင်း တစ်သင်းထံ အလွတ် ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်ရမှာကို စိုးရိမ်နေကြကြောင်းနဲ့ မကြာမီ အချိန်အတွင်းမှာ ဒမ်ဘီလီကို စာချုပ်သစ် တစ်ရပ် ကမ်းလှမ်းဖွယ် ရှိကြောင်း ဖော်ပြ ထားကြပါတယ်။ ဒါပေမယ့် စပိန် အပြောင်းအရွှေ့ ကျွမ်းကျင်သူတွေ ကတော့ ဘာစီလိုနာ အသင်းဟာ လတ်တလောမှာ ဘဏ္ဏာရေး အကြပ်အတည်းနဲ့ ရင်ဆိုင် နေရတာကြောင့် ဒမ်ဘီလီကို စာချုပ်သစ် ချုပ်ဆိုဖို့ ကမ်းလှမ်းရာမှာ အခက်အခဲတွေ ရှိနေပြီး ဒမ်ဘီလီဟာ သွေးသစ်လောင်း နေတဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းထံသာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိ သွားနိုင်ကြောင်း ခန့်မှန်း ထားကြပါတယ်။