စပိန်လာလီဂါပြိုင်ပွဲတွေကို ဇွန်(၁၁)ရက်နေ့က စတင်ကျင်းပနေတာဖြစ်ပြီးတော့ ဒီနေ့ စနေညမှာလည်း လာလီဂါရဲ့လက်ရှိချန်ပီယံ ဘာစီလိုနာအသင်းက တန်းဆင်းဇုန်အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ မာယော့ကာအသင်းရဲ့အိမ်ကွင်းမှာ သွားရောက်ယှဉ်ပြိုင်ကစားခဲ့ရပြီး ဘာစီလိုနာက အဝေးကွင်းမှာ (၄)ဂိုး ဂိုးမရှိနဲ့ကို ဂိုးပြတ်အနိုင်ရသွားခဲ့ပါတယ်။


ဘာစီလိုနာအသင်းက ၄-၃-၃ ကစားကွက်ကိုပဲ ဆက်လက်အသုံးပြလာခဲ့ပြီး မက်ဆီ ဂရစ်ဇ်မန်း ဘရေ့ဝိတ် ဗီဒယ် ဘူးစကတ်စ် ဒီဂျောင် ရောဘတ်တို ပီကေး အယ်ဘာ တာစတီဂန်တို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ ဒဏ်ရာကနေ သက်သာလာခဲ့ပြီဖြစ်တဲ့ တိုက်စစ်မှူးဆွာရက်ဇ်ကိုတော့ အရန်စာရင်းမှာပဲ ထည့်သွင်းလာခဲ့ပါတယ်။ အိမ်ရှင်မာယော့ကာကတော့ ပထမပိုင်းကတည်းက တန်းဆင်းဇုန်းရုန်းအားတွေနဲ့ ဘာစီလိုနာဘက်ကို ဖိအားပေးကစားနိုင်ခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှုကလွဲပြီး ဂိုးပေါက်ခြိမ်းခြောက်မှုအပိုင်းတွေမှာ ဧည့်သည်အသင်းကို အသာစီးယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် သွင်းဂိုးတွေကိုတော့ ဘာစီလိုနာကပဲ ပိုင်ဆိုင်ခဲ့ပြီး ပွဲအစ(၂)မိနစ်မှာ ဗီဒယ်က သွင်းယူနိုင်ခဲ့သလို (၃၇)မိနစ်မှာလည်း တိုက်စစ်မှူးဘရေ့ဝိတ်က ဒုတိယဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ ဘာစီလိုနာက ရာကီတစ်နဲ့ တိုက်စစ်မှူးဆွာရက်ဇ်တို့ကို လူစားလဲလာခဲ့ပြီး ကစားပုံကို အနည်းငယ်ပြောင်းလဲခဲ့ပေမယ့် ပထမပိုင်းကတည်းက ပိုင်ဆိုင်ထားခဲ့တဲ့ အနိုင်ရလဒ်ကို ထိန်းသိမ်းသာ ကစားသွားခဲ့ပါတယ်။ မာယော့ကာကလည်း ဘာစီလိုနာဘက်ကို ထိုးဖောက်မှုတွေ အကြိမ်ကြိမ်လုပ်ဆောင်ခဲ့ပေမယ့် ထိရောက်မှုမရှိလှတာကြောင့် ချေပဂိုးမပိုင်ဆိုင်ခဲ့ရတဲ့အပြင် မိနစ်(၈၀)မှာ တတိယဂိုးနဲ့ နာကျင်အချိန်ပိုတွေမှာ ပွဲသိမ်းဂိုးတွေကို ဆက်လက်ခွင့်ယူခဲ့ရပါတယ်။ ဒီဂိုးတွေကိုတော့ နောက်ခံလူအယ်ဘာနဲ့ တိုက်စစ်မှူးမက်ဆီတို့ကနေ သွင်းယူခဲ့ကြတာဖြစ်ပါတယ်။