စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာအသင်းဟာ လတ်တလောမှာ ရလဒ်တွေ ဆိုးဝါးနေတာကြောင့် အသင်းရဲ့နည်းပြ ရော်နယ်ကိုးမန်းကို ရာထူးကနေ ထုတ်ပယ်ဖို့ ဆုံးဖြတ်ထားပြီး ကိုးမန်းရဲ့ နေရာမှာ အစားဝင်နိုင်မယ့် နည်းပြတဦးကို အပူတပြင်း ရှာဖွေနေပါတယ်။

နယ်သာလန် လက်ရွေးစင် နည်းပြဟောင်း ရော်နယ်ကိုးမန်းဟာ ဘာစီလိုနာအသင်းရဲ့ ဂန္တဝင် ကစားသမား တဦး ဖြစ်ပေမယ့် သူ့လက်ထက်မှာတော့ ဘာစီလိုနာအသင်းဟာ အဓိက ကစားသမားတွေ ဖြစ်တဲ့ ဆွာရက်ဇ် ၊ မက်ဆီ ၊ ဂရစ်ဇ်မန်း စတဲ့ ကစားသမားတွေကို လက်လွှတ်ခဲ့သလို သူ့ရဲ့ ကစားသမားတွေ အပေါ် ခွဲခြား ဆက်ဆံမှုတွေကြောင့် ဝေဖန်မှုတွေ ခံထားရသူပါ။

Photo Credit: Goal

ဒါ့အပြင် ကိုးမန်းရဲ့ ဘာစီလိုနာအသင်းဟာ မြက်ခင်းစိမ်းတွေပေါ်မှာလည်း ကောင်းမွန်တဲ့ ရလဒ်တွေ ရရှိထားခြင်း မရှိပဲ ယခု စက်တင်ဘာလ အတွင်းမှာ ကစားခဲ့တဲ့ လာလီဂါ ၂ပွဲ ၊ ချန်ပီယံလိဂ် ၁ပွဲတို့မှာလည်း ၂ပွဲသရေ ၊ ၁ပွဲရှုံးဆိုတဲ့ ရလဒ်ဆိုးတခုကို ပိုင်ဆိုင်ထားပါတယ်။

ဒါကြောင့်လည်း ဘာစီလိုနာအသင်းရဲ့ ဘုတ်အဖွဲ့ဟာ ကိုးမန်းကို ရာထူးကနေ ထုတ်ပယ်ဖို့ ဆုံးဖြတ်ထားပြီး သူ့ရဲ့နေရာ အတွက် အသင်းရဲ့ ဂန္တဝင် ကစားသမားဟောင်း တဦး ဖြစ်သလို လက်ရှိမှာ ကာတာကလပ် အယ်ဆတ်အသင်းကို အကောင်းဆုံး ဦးဆောင်ပြထားတဲ့ ဇာဗီကို နံပါတ်တစ်ပစ်မှတ် အဖြစ် သတ်မှတ်ခဲ့ကြောင်း စပိန်အခြေစိုက် နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Marca သတင်းဌာနက ဖော်ပြလာပါတယ်။

Photo Credit: Goal

ကတ်တလန်တာ အခြေစိုက် သတင်းဌာန အများစုကလည်း အဆိုပါ သတင်းတွေ အပေါ် အတည်ပြု ပေးထားပြီး ဇာဗီကလည်း ဘာစီလိုနာအသင်းထံ ပြန်လာဖို့ စိတ်ကူးရှိပေမယ့် အသင်းရဲ့ ဥက္ကဌ လာပေါ်တာနဲ့ ဇာဗီတို့ ကြားမှာ မကျေလည်မှု တချို့ ရှိနေတာကြောင့် ဆွေးနွေးမှုတွေဟာ အနည်းငယ် ကြန့်ကြာနိုင်ကြောင်း သိရပါတယ်။