MySport Myanmar

မက်ဆီကို ပြန်ခေါ်နိုင်ဖို့ ဖာတီနဲ့ ဖာရန်းတို့ နှစ်ဦးကို ရောင်းချဖို့ ပြင်နေတဲ့ ဘာစီလိုနာ

ပူပူနွေးနွေး လာလီဂါချန်ပီယံ ဘာစီလိုနာက ယခုနှစ် ဘောလုံးရာသီ အကုန်မှာ အသင်းရဲ့ ဂန္တဝင် ကစားသမား တဦး ဖြစ်သူ လီယွန်နယ် မက်ဆီကို ပြန်ခေါ်ချင်နေတာကြောင့် ရှိရင်းစွဲ ကစားသမား နှစ်ဦး ဖြစ်တဲ့ အန်ဆု ဖာတီနဲ့ ဖာရန်း တောရက်စ်တို့ နှစ်ဦးကို ရောင်းချဖို့ ပြင်ဆင်ထားကြောင်း နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

အသက် ၃၅နှစ် အရွယ် အာဂျင်တီးနား အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီဟာ ကလေးဘဝထဲက အာဂျင်တီးနားကလပ် နယူးဝဲလ် အိုဘွိုင်း ကနေ ဘာစီလိုနာဆီ ရောက်ရှိခဲ့သူ ဖြစ်ပြီး သူက ၂၀၂၁ခုနှစ်မှာ ဘာစီလိုနာ ကနေ ပီအက်စ်ဂျီထံ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။

Photo Credit: Sky Sports

မက်ဆီက သူ့ရဲ့ ကစားသမား တလျှောက်လုံးမှာ ဘာစီလိုနာ အတွက်သာ ကစားပေးခဲ့သူ ဖြစ်တာကြောင့် ဘာစီလိုနာ ကနေ ပီအက်စ်ဂျီထံ ပြောင်းရွှေ့ခဲ့ပြီးနောက် အသင်းသစ်မှာ အသားကျဖို့ ရုန်းကန်ခဲ့ရတာကြောင့်ပဲ ပီအက်စ်ဂျီနဲ့ စာချုပ်သစ် ထပ်မချုပ်တော့ပဲ ယခုနှစ် ဘောလုံးရာသီ အကုန်မှာပဲ ပီအက်စ်ဂျီကို စွန့်ခွာဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

မက်ဆီက ပီအက်စ်ဂျီ ကနေ ထွက်ခွာပြီးနောက် အသင်းဟောင်း ဘာစီလိုနာဆီ ပြန်လည် ပြောင်းရွှေ့ချင်နေသလို ဘာစီလိုနာရဲ့ တာဝန်ရှိသူတွေနဲ့ ပရိသတ်တွေကလည်း မက်ဆီကို သူတို့အသင်းဆီ ပြန်ခေါ်ချင်နေပြီး ဘာစီလိုနာရဲ့ ဥက္ကဌ ဖြစ်သူ လာပေါ်တာက သူတို့အသင်းဟာ မက်ဆီကို အသင်းဆီ ပြန်ခေါ်နိုင်ဖို့ အစွမ်းကုန် ကြိုးစားသွားမယ်လို့ ထုတ်ဖော် ပြောဆိုထားပါတယ်။

Photo Credit: Marca

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ဘာစီလိုနာက မက်ဆီကို သူတို့အသင်းဆီ ပြန်ခေါ်ဖို့ အတွက် ဆွေးနွေးမှုတွေ စတင် ပြုလုပ်နေသလို ဘာစီလိုနာဟာ ဘဏ္ဍာရေး ပြဿနာကို ဖြေရှင်းကာ မက်ဆီကို ခေါ်နိုင်ဖို့ အတွက် ရှိရင်းစွဲ ကစားသမား ၂ဦး ဖြစ်တဲ့ အန်ဆု ဖာတီနဲ့ ဖာရန်း တောရက်စ်တို့ နှစ်ဦးထဲက တဦး (သို့) နှစ်ဦးစလုံးကို ရောင်းချဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။

လက်ရှိမှာတော့ ပရီးမီးယားလိဂ် နာမည်ကြီးကလပ်တွေ ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ အာဆင်နယ်တို့က ဖာတီကို ခေါ်ယူဖို့ စိတ်ဝင်စားနေသလို နယူးကာဆယ်နဲ့ စပါးတို့ကလည်း ဖာရန်း တောရက်စ်ကို ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ လုပ်နေကြပြီး ဘာစီလိုနာက ဖာတီ အတွက် ပြောင်းရွှေ့ကြေး ယူရို ၈၀သန်း ဝန်းကျင်နဲ့ တောရက်စ် အတွက် ပြောင်းရွှေ့ကြေး ယူရို ၆၀သန်း ဝန်းကျင် လိုချင်နေပါတယ်။

Exit mobile version