စပိန်လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာက သူတို့အသင်းရဲ့ နွေရာသီ ထိပ်သီးပစ်မှတ် တဦး ဖြစ်သူ ဆီဗီးလား နောက်ခံလူ ခွန်ဒေကို ခေါ်ယူနိုင်ဖို့ ဆီဗီးလားရဲ့ မျက်စိကျမှုကို ခံနေရတဲ့ အသင်းရဲ့ တောင်ပံတိုက်စစ် ကစားသမား မန်ဖစ် ဒီပိုင်းကို အလိုက်ပေးကာ ကမ်းလှမ်းမှု ပြုလုပ်ဖို့ ပြုလုပ်နေကြောင်း ဘာစီလိုနာနဲ့ နီးစပ်တဲ့ နာမည်ကြီး သတင်းထောက် ဂျာရတ် ရိုမဲရိုးက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

ဘာစီလိုနာ နည်းပြဖြစ်သူ ဇာဗီက အသင်းရဲ့ ခံစစ်ကြောင်းကို ပြင်ဆင်ဖို့ အတွက် ယခု နွေဈေးကွက် အတွင်းမှာ ထိပ်တန်း ဗဟိုခံစစ်မှူး တဦးကို ခေါ်ယူဖို့ ဆုံးဖြတ်ထားပြီး လာလီဂါပြိုင်ပွဲနဲ့ အသားကျပြီးသား ဖြစ်သလို လက်ရှိ လာလီဂါပြိုင်ပွဲရဲ့ အကောင်းဆုံး ခံစစ်မှူးတွေထဲက တဦး ဖြစ်တဲ့ ခွန်ဒေဟာ သူတို့အသင်းရဲ့ နံပါတ်တစ် ပစ်မှတ်ပဲ ဖြစ်ပါတယ်။

Photo Credit: Marca

အသက် ၂၃နှစ် အရွယ် ပြင်သစ် လက်ရွေးစင် ဗဟိုခံစစ်မှူး ခွန်ဒေက ဘော်ဒိုးကနေ ဆီဗီးလားထံ ပြောင်းရွှေ့လာခဲ့ပြီးနောက် ဆီဗီးလားရဲ့ အဓိက ခံစစ်မှူး တဦး အဖြစ် ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့သလို လာလီဂါပြိုင်ပွဲရဲ့ အကောင်းဆုံး ဗဟိုခံစစ်မှူး ၅ဦး စာရင်းဝင်ထားတဲ့ ထိပ်တန်း ခံစစ်မှူး တဦးပါ။

ဒါ့အပြင် ခွန်ဒေရဲ့ အဓိက အရည်အချင်းဟာ ဘောလုံးကို အကောင်းဆုံး ထိန်းကျောင်းနိုင်မှု ဖြစ်ပြီး သူ့ရဲ့ ခံစစ်ကြောင်းကနေ ဘောလုံးနဲ့ တပါထဲ ဆွဲပြေးမှုတွေက ဘာစီလိုနာနည်းပြ ဇာဗီကို မျက်စိကျစေတဲ့ အဓိက အချက် ဖြစ်ပြီး ဇာဗီက သူ့ရဲ့ ခံစစ်ကြောင်းမှာ ဘောလုံးကိုင် ကစားနိုင်တဲ့ ခွန်ဒေနဲ့ ဖျက်ထုတ်မှု အပိုင်းမှာ အတော်လေး သေသပ်တဲ့ အာရူဟိုတို့ကို တွဲဖက်ကာ အသုံးပြုချင်နေပါတယ်။

Photo Credit: Marca

ဒါကြောင့်ပဲ ဇာဗီက ခွန်ဒေကို မရရအောင် ခေါ်ယူပေးဖို့ အသင်းရဲ့ ဘုတ်အဖွဲ့ထံ တောင်းဆိုထားပြီး ဘာစီလိုနာကလည်း ခွန်ဒေအတွက် ပထမဦးဆုံး ကမ်းလှမ်းမှု အဖြစ် ယူရို ၄၅သန်းနဲ့ စတင် ကမ်းလှမ်းခဲ့ပေမယ့် ဆီဗီးလားကတော့ ဘာစီလိုနာရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့သလို ခွန်ဒေကို လိုချင်ရင် ပြောင်းရွှေ့ကြေး ယူရို ၆၅သန်း ဝန်းကျင် ပေးချေရမယ်လို့ အကြောင်းပြန်ထားပါတယ်။

ဘာစီလိုနာနဲ့ ပတ်သတ်တဲ့ သတင်းတွေနဲ့ဆိုရင် ယုံကြည် စိတ်ချရတဲ့ သတင်းထောက် ရိုမဲရိုရဲ့ ဖော်ပြချက်အရ ဆီဗီးလားဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ ဒီပိုင်းကို ခေါ်ယူဖို့ စုံစမ်းမှုတွေ ပြုလုပ်ခဲ့ပြီး ဘာစီလိုနာကတော့ အဆိုပါအချက်ကို အသုံးချပြီး ဒီပိုင်း + ပြောင်းရွှေ့ကြေး ယူရို ၃၅သန်း ဝန်းကျင်နဲ့ ခွန်ဒေအတွက် နောက်ထပ်တကြိမ် ထပ်မံ ကမ်းလှမ်းဖို့ ပြင်ဆင်ထားကြောင်း သိရပါတယ်။