စပိန်လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာက ယခုနှစ် ဘောလုံးရာသီ အစကမှ ချယ်လ်ဆီးထံ ပြောင်းရွှေ့ကြေး ပေါင် ၁၁သန်းနဲ့ ရောင်းချထားတဲ့ သူတို့ရဲ့ တိုက်စစ်မှူးဟောင်း အူဘာမီယန်းကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြန်လည် ခေါ်ယူချင်နေကြောင်း နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

ဘဏ္ဍာရေး အကြပ်အတည်းနဲ့ ရင်ဆိုင်နေရဆဲ ဖြစ်တဲ့ ဘာစီလိုနာက သူတို့ရဲ့ ဘဏ္ဍာရေးပြဿနာကို ဖြေရှင်းနိုင်ဖို့ အာဆင်နယ် ကနေ သူတို့ဆီ အလွတ်နဲ့ ပြောင်းလာတဲ့ အူဘာမီယန်းကို စက်တင်ဘာလ ၁ရက်နေ့ကမှ ပြောင်းရွှေ့ကြေး ပေါင် ၁၁သန်းနဲ့ ချယ်လ်ဆီးဆီ ရောင်းချခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Marca

အသက် ၃၃နှစ် အရွယ် ဂါဘွန်ကြယ်ပွင့် တိုက်စစ်မှူး အူဘာမီယန်းက ဘာစီလိုနာကနေ ချယ်လ်ဆီးဆီ သူ့ရဲ့ ဆရာဟောင်း တူဟယ်လ်ကြောင့် ပြောင်းရွှေ့ခဲ့တာ ဖြစ်ပေမယ့် သူ ရောက်ပြီး မကြာခင်မှာပဲ တူဟယ်လ်က ရာထူးကနေ ထုတ်ပယ်ခံလိုက်ရသလို အသစ် ရောက်လာတဲ့ နည်းပြ ပေါ်တာကလည်း အူဘာမီယန်းကို သူ့ရဲ့ ဦးစားပေး တိုက်စစ်မှူး အဖြစ် မသတ်မှတ်ထားပါဘူး။

ပြီးခဲ့တဲ့ တပတ်မှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ချယ်လ်ဆီး ၀-၁ မန်ချက်စတာ စီးတီး ပွဲစဉ်မှာဆိုရင် အူဘာမီယန်းက ပွဲချိန် ၅မိနစ်မှာ ဒဏ်ရာရသွားတဲ့ အသင်းဖော် စတာလင်းနဲ့ လူစားလဲကာ ဝင်ရောက် ကစားခွင့် ရခဲ့ပေမယ့် ပွဲချိန် ၆၈မိနစ်မှာပဲ လူငယ်ကြယ်ပွင့် ဟက်ချင်ဆန်နဲ့ လူစားလဲခံခဲ့ရကာ နည်းပြပေါ်တာရဲ့ အဆိုပါလုပ်ရပ်ဟာ အူဘာမီယန်းလို ဝါရင့် တိုက်စစ်မှူး တဦး အတွက် လက်မခံချင်စရာ လုပ်ရပ်ပဲ ဖြစ်ပါတယ်။

Photo Credit: Marca

ဒါကြောင့်ပဲ အူဘာမီယန်းက ချယ်လ်ဆီးကနေ အမြန်ဆုံး ထွက်ခွာဖို့ ဆုံးဖြတ်ထားသလို ချယ်လ်ဆီးကလည်း ပေါ်တာရဲ့ အစီအစဉ်တွေထဲမှာ မပါတော့တဲ့ အူဘာမီယန်းကို အသင်းကနေ အမြန်ဆုံး ရှင်းထုတ်ဖို့ စီစဉ်နေပါတယ်။

နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ အူဘာမီယန်းဟာ ယခုနှစ် ဘောလုံးရာသီမှာ ချယ်လ်ဆီးနဲ့ ဘာစီလိုနာ နှစ်သင်းထဲ အတွက်ပဲ ကစားပေးလို့ ရတော့တာကြောင့် အသင်းသစ် တသင်းထက် ဘာစီလိုနာဆီသာ ပြန်လည် ပြောင်းရွှေ့ချင်နေပြီး ဘာစီလိုနာကလည်း ဒီပိုင်းကိုသာ ရောင်းချဖြစ်ရင် အူဘာမီယန်းကို ပြန်ခေါ်ဖို့ စိတ်ဝင်စားနေကာ ဘာစီလိုနာက အူဘာမီယန်းကို အလွတ်နဲ့သာ ပြန်ခေါ်ချင်နေတာကြောင့် အူဘာမီယန်းဟာ ချယ်လ်ဆီးနဲ့ စာချုပ်ဖျက်သိမ်းမှသာ ဘာစီလိုနာဆီ ပြောင်းရွှေ့နိုင်မယ်လို့ သိရပါတယ်။